ဒီနေ့ရဲ့သတင်းအတိုအထွာများ စုစည်းမှု

■ ဘာစီလိုနာအသင်းဟာ တိုက်စစ်မှူးလီဝန်ဒေါစကီးရဲ့နေရာမှာအစားထိုးဖို့အတွက် အာဂျင်တီးနားတိုက်စစ်မှူး အယ်လ်ဗားရက်ဇ်ကို အက်သလက်တီကိုမက်ဒရစ်အသင်းကနေ အံ့အားသင့်ဖွယ်ခေါ်ယူဖို့ စီစဉ်နေပါတယ်။ ပြီးခဲ့တဲ့နွေရာသီကမှ မန်စီးတီးအသင်းကနေ ပြောင်းရွှေ့လာခဲ့တဲ့ အယ်လ်ဗားရက်ဇ်ဟာ ဒီရာသီမှာ အက်သလက်တီကိုမက်ဒရစ်အသင်းအတွက် (၂၇)ဂိုးသွင်းယူထားတာဖြစ်ပါတယ်။
■ စပါး၊ချယ်လ်ဆီးနဲ့ နယူးကာဆယ်အသင်းတို့ဟာ ခရစ္စတယ်ပဲလေ့စ်အသင်းနောက်ခံလူ မာခ့်ဂူဟီကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။ ခရစ္စတယ်ပဲလေ့စ်အသင်းဟာ မာခ့်ဂူဟီကို စာချုပ်သစ်ချုပ်ဆိုနိုင်ဖို့ ကြိုးပမ်းနေပြီး အဆင်မပြေခဲ့ရင် လာမယ့်နွေရာသီအပြောင်းအရွှေ့ကာလမှာ ရောင်းချသွားဖွယ်ရှိနေတာဖြစ်ပါတယ်။
■ ဆော်ဒီကလပ် နီယွမ်အသင်းဟာ မန်ယူနိုက်တက်အသင်းဂိုးသမား အိုနာနာကို ခေါ်ယူဖို့ဖြစ်နိုင်ဖွယ်ရှိတဲ့ အလားအလာအတွက် သူ့ရဲ့ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးမှုတွေစတင်ခဲ့ပါတယ်။ ဆော်ဒီလိဂ်ဒုတိယတန်းထိပ်ဆုံးနေရာမှာရပ်တည်နေတဲ့ နီယွမ်အသင်းဟာ ဆော်ဒီပရိုလိဂ်ထံတန်းတက်ခဲ့ရင် ငွေကြေးအများအပြားသုံးစွဲပြီး ကစားသမားသစ်တွေအားဖြည့်ဖို့ရှိနေတာဖြစ်ပါတယ်။
■ အဲဗာတန်အသင်းနည်းပြ ဒေးဗစ်မွိုက်စ်ဟာ ဝက်စ်ဟမ်းအသင်းကွင်းလယ်လူ ဆိုချက်ခ်နဲ့ ပြန်လည်လက်တွဲဖို့ စိတ်ဝင်စားနေပါတယ်။ ဆိုချက်ခ်ဟာ ဝက်စ်ဟမ်းအသင်းနဲ့ ၂၀၂၇ ခုနှစ်နွေရာသီအထိ စာချုပ်ချုပ်ဆိုထားပေမယ့် နည်းပြဒေးဗစ်မွိုက်စ်ဟာ အဲဗာတန်အသင်းရဲ့ကွင်းလယ်ကိုအားဖြည့်ဖို့ ခေါ်ယူချင်နေတာဖြစ်ပါတယ်။

■ လီဗာပူးလ်အသင်းဟာ ခရစ္စတယ်ပဲလေ့စ်အသင်းကွင်းလယ်လူ ဝါတန်ကို ပေါင်သန်း(၅၀)နဲ့ ခေါ်ယူနိုင်ဖို့ ကြိုးပမ်းသွားမယ်လို့ သိရပါတယ်။ ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ ၂၀၂၉ ခုနှစ်၊ဇွန်အထိ စာချုပ်ရှိနေတဲ့ ဝါတန်ကို ခေါ်ယူဖို့ မန်စီးတီးအသင်းကလည်း စိတ်ဝင်စားနေတာဖြစ်ပါတယ်။

■ မေဂျာလိဂ်ကလပ် မင်နီဆိုတာအသင်းကို ကိုင်တွယ်နေတဲ့ မန်ယူနိုက်တက်အသင်းနည်းပြအဖွဲ့ဝင်ဟောင်း အဲရစ်ရမ်ဆေးဟာ ဆောက်သမ်တန်အသင်းနည်းပြသစ်ဖြစ်လာမယ့် စာရင်းထဲမှာ ပါဝင်နေတယ်လို့ သိရပါတယ်။