ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဘုန်းမောက် - မန်ယူနိုက်တက်
(ပရီးမီးယားလိဂ်)
(27 April 2025/ 7:30 pm)
လက်ရှိပရီးမီးယားလိဂ်ရပ်တည်မှုမှာ ဘုန်းမောက်က မန်ယူနိုက်တက်ထက် ရမှတ်(၁၁)မှတ်အသာ (၄၉)မှတ်နဲ့ အဆင့်(၁၀)နေရာမှာ ရပ်တည်နေပြီး မန်ယူနိုက်တက်ကတော့ ရမှတ်(၃၈)မှတ်နဲ့ အဆင့်(၁၅)မှာ ရပ်တည်နေတယ်။
မန်ယူနိုက်တက်အသင်းအနေနဲ့ ဘုန်းမောက်ကို နောက်ဆုံးရင်ဆိုင်ခဲ့တဲ့(၃)ပွဲဆက်တိုက် အနိုင်မရခဲ့ဘဲ နောက်ဆုံးအိမ်ကွင်း(၂)ပွဲဆက်တိုက် (၀-၃)ဂိုးနဲ့ ဂိုးပြတ်ရှုံးခဲ့ရတယ်။ ဒီပွဲမှာသာ မန်ယူနိုက်တက်အသင်းကို ဘုန်းမောက်အနိုင်ရခဲ့ရင် ဒီတစ်ရာသီအတွင်း မန်ယူနိုက်တက်ကို အိမ်ကွင်း/အဝေးကွင်း နှစ်ကျော့စလုံးအနိုင်ရတဲ့(၆)သင်းမြောက်အသင်းဖြစ်လာလိမ့်မယ်။
မန်ယူနိုက်တက်ကို အီရာအိုလာရဲ့ဘုန်းမောက်အသင်းက နောက်ဆုံး(၃)ပွဲမှာ (၈)ဂိုးအထိသွင်းထားခဲ့ပြီး ဒီအသင်းကို ဘယ်လိုဂိုးသွင်းရမလဲဆိုတာ ကောင်းကောင်းသဘောပေါက်နေတဲ့အထာမှာ ရှိနေတယ်။
ဘုန်းမောက်မှာ အရင်ဒဏ်ရာရထားသူတွေပဲရှိပြီး ဒဏ်ရာရသူအသစ်မရှိပေမယ့် မန်ယူနိုက်တက်မှာတော့ ပွဲချိန်အများဆုံးကစားထားတဲ့ ဒါလော့က ခြေသလုံးဒဏ်ရာကြောင့် ဒဏ်ရာရစာရင်းမှာ ပါသွားခဲ့ပြီး လီဆန်ဒရိုမာတီနက်ဇ်၊ အာမတ်၊ ဒီလစ်၊ ဇက်ခ်ဇီတို့နဲ့အတူ ဒီပွဲကို လွဲမယ်။
နှစ်သင်းစလုံးက လတ်တလောမှာ ခြေစွမ်းတည်ငြိမ်မှုကင်းမဲ့နေပြီး တိုက်စစ်စွမ်းရည်လည်း ကျနေကြတယ်။ ဘုန်းမောက်က နောက်ဆုံးအိမ်ကွင်း(၇)ပွဲမှာ သွင်းဂိုးက (၅)ဂိုးပဲရှိသလို၊ မန်ယူနိုက်တက်ကလည်း ထုံးစံအတိုင်း တိုက်စစ်မှူးတွေဖြစ်တဲ့ဟွိုင်လန်း၊ ဂါနာချိုတို့ဂိုးရဖို့ ရုန်းကန်နေရပြီး နောက်ဆုံးပရီးမီးယားလိဂ်(၂)ပွဲဆက်တိုက် နယူးကာဆယ်၊ ၀ုလ်ဗ်စ်တို့ကို ရှုံးခဲ့ရတယ်။
ခြေစွမ်းကျတာချင်းအတူတူ အိမ်ရှင်အသင်းလည်းဖြစ်၊ မန်ယူနိုက်တက်ကို ဘယ်လိုကစားရမလဲဆိုတဲ့ သော့ချက်ကိုသိနေတဲ့ ဘုန်းမောက်ကိုပဲ ပိုယုံကြည်ချင်မိတယ်။ ဘုန်းမောက်အနိုင်(၁-၀)(၂-၁)လို ရလဒ်တွေကို ကြိုက်မိတယ်။
လီဗာပူးလ် - စပါး
(ပရီးမီးယားလိဂ်)
(27 April 2025/ 10:00 pm)
ဒီပွဲက လီဗာပူးလ်အသင်း ချန်ပီယံအဖြစ် အောင်ပွဲခံရမယ့်ပွဲဖြစ်တယ်။ သရေကစားရင်ဖြစ်ဖြစ် အနိုင်ရရင်ဖြစ်ဖြစ် အိမ်ကွင်းမှာမိမိပရိသတ်တွေနဲ့အတူ ချန်ပီယံအဖြစ် အောင်ပွဲခံရမယ့်ပွဲဆိုတော့ လီဗာပူးလ်ကစားသမားတွေ မျက်နှာပျက်အောင် မလုပ်ဘူးလို့ ယူဆရတယ်။
လီဗာပူးလ်က လက်ရှိမှာ ရမှတ်(၇၉)မှတ်နဲ့ထိပ်ဆုံးမှာ ရှိနေပြီး စပါးက ရမှတ်(၃၇)မှတ်နဲ့ အဆင့်(၁၆)မှာ ရပ်တည်နေတယ်။
လီဗာပူးလ်က အိမ်ကွင်းအန်ဖီးလ်မှာ စပါးကို မရှုံးတာအတော်ကြာပြီ။ ၂၀၁၁ ခုနှစ်ကတည်းကဆိုတော့ (၁၄)နှစ်ရှိနေပြီ။ နောက်ဆုံးအန်ဖီးလ်တွေ့ဆုံမှု(၆)ပွဲမှာ လီဗာပူးလ်က စပါးကို (၅)ပွဲအထိ အနိုင်ရခဲ့တယ်။ နောက်ပြီး ဒီနောက်ပိုင်းစပါးအသင်းနဲ့တွေ့တဲ့ အိမ်ကွင်းပွဲတွေမှာလည်း လီဗာပူးလ် ဂိုးမြူးလေ့ရှိပြီး နောက်ဆုံးအိမ်ကွင်း(၃)ပွဲဆက်တိုက်မှာ (၄)ဂိုးစီသွင်းနိုင်ခဲ့တယ်။
စပါးအသင်းက ဒီရာသီပရီးမီးယားလိဂ်မှာ အခြေအနေဆိုးနေတာ ရာသီကုန်ခါနီးလေ ပိုဆိုးလေဖြစ်နေတယ်။ နောက်ဆုံးပရီးမီးယားလိဂ်(၅)ပွဲမှာ (၄)ပွဲရှုံးတဲ့အထိ အခြေအနေဆိုးခဲ့ပြီး ဒီအထဲက အနိုင်ရတဲ့တစ်ပွဲကလည်း ဇယားအောက်ဆုံးက ဆောက်သမ်တန်အသင်းကို အိမ်ကွင်းမှာ အနိုင်ရတာဖြစ်တယ်။
လီဗာပူးလ်မှာ ရေရှည်နားနေရတဲ့ ဂျိုးဂိုးမက်ဇ်ကလွဲလို့ လူစုံပြီး စပါးမှာက အားထားရတဲ့အသင်းခေါင်းဆောင် ဆွန်ဟောင်မင်၊ နောက်ခံလူဒရာဂူဆင်တို့ ဒီပွဲလွဲမယ်။
လီဗာပူးလ်က ပရီးမီးယားလိဂ်အိမ်ကွင်းပွဲစဉ်တွေဆိုရင် စိတ်ချရပြီး ပေးဂိုးလည်းနည်းလေ့ရှိတယ်။ နောက်ဆုံးပရီးမီးယားလိဂ်အိမ်ကွင်း(၆)ပွဲဆက်တိုက်အနိုင်ကစားထားပြီး(၄)ဂိုးပဲ ပေးခဲ့ရတယ်။ စပါးက အဝေးကွင်းနောက်ဆုံး(၃)ပွဲဆက်တိုက် ရှုံးထားပြီး ဖူလ်ဟမ်၊ ချယ်လ်ဆီးအစရှိတဲ့အသင်းတွေနဲ့ပွဲတွေမှာ ဂိုးပေါက်ပျောက်ခဲ့ရတယ်။
ဒီပွဲမှာ လီဗာပူးလ် သရေကစားရုံနဲ့ ချန်ပီယံဖြစ်မယ်ဆိုပေမယ့် ပရိသတ်အကြိုက် တိုက်စစ်ဖွင့်ကစားပြီး အနိုင်ရလဒ်ပဲရယူမယ်လို့ ထင်နေတယ်။ အရင်ပွဲတွေလိုပဲ ဂိုးများများတွေ့ရနိုင်ပြီး (၄-၁)(၄-၂)အစရှိတဲ့ ရလဒ်တွေ ထွက်မယ်လို့ ထင်နေမိတယ်။