ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

အင်တာမီလန် - ဘိုင်ယန်မြူးနစ်
(ချန်ပီယံလိဂ်ကွာတားဖိုင်နယ်)
(17 April 2025/ 1:30 am)

တကယ်တော့ ပထမအကျော့မှာ အင်တာမီလန်ကသာ အဝေးကွင်းမှာ (၂-၁)ဂိုးနဲ့ အနိုင်ရခဲ့ပေမယ့် ခြေစွမ်းပိုင်းသိသိသာသာ အသာရခဲ့ပြီး ဂိုးအခွင့်အရေးတွေလည်း ပိုရခဲ့တာက ဘိုင်ယန်မြူးနစ်အသင်းဖြစ်တယ်။

ဘိုင်ယန်မြူးနစ်က ဂိုးကန်ချက် အကြိမ်(၂၀)လောက်၊ အင်တာမီလန်က (၁၀)ကြိမ်လောက်သာရှိခဲ့ပြီး ဂိုးပေါက်တည့်တာမှာလည်း ဘိုင်ယန်မြူးနစ်က အင်တာမီလန်ထက် (၂)ဆလောက်သာတယ်။ ဒါပေမယ့် ဂိုးရလဒ်မှာတော့ ပြောင်းပြန်ဖြစ်သွားတယ်။ ဘိုင်ယန်မြူးနစ်တိုက်စစ်မှူးဟာရီကိန်း တိုင်ထိသွားခဲ့တာလည်း ဘိုင်ယန်အတွက် နစ်နာစေခဲ့တယ်။

ဘိုင်ယန်မြူးနစ်နဲ့ အင်တာမီလန်အားပြိုင်မှုမှာ အိမ်ကွင်း/အဝေးကွင်းအားသာချက်ဆိုတာကို သိပ်ပြီး ထည့်တွက်နေစရာမလိုဘူး။ ချန်ပီယံလိဂ်ခေတ်မှာ နောက်ဆုံးနှစ်(၂၀)အတွင်း ဒီနှစ်သင်းတွေ့ဆုံခဲ့တဲ့(၈)ပွဲမှာ အိမ်ရှင်အသင်းအနိုင်ရတာ(၁)ပွဲပဲ ရှိခဲ့တာကို အံအားသင့်ဖွယ်တွေ့ရလိမ့်မယ်။

ဧည့်သည်အဖြစ် အဝေးကွင်းလာကစားတဲ့အသင်းက နိုင်ပွဲ(၆)ပွဲအထိရှိနေပြီး ကျန်(၁)ပွဲက သရေကျခဲ့တယ်။ ဒီတော့ အီတလီမြေမှာ ကစားရမယ့်ပွဲအတွက် ဘိုင်ယန်မြူးနစ်အသင်းစိုးရိမ်စရာမရှိဘူးလို့ ပြောလို့ရတယ်။

အင်တာမီလန်အနေနဲ့ ဘိုင်ယန်မြူးနစ်နဲ့ တွေ့ဆုံခဲ့တဲ့ချန်ပီယံလိဂ်အိမ်ကွင်း(၄)ပွဲမှာ တစ်ပွဲမှမနိုင်ဘဲ(၁)ပွဲသာ သရေကျကာ (၃)ပွဲရှုံးခဲ့တယ်။ ဘိုင်ယန်အတွက် သတိထားရမယ့်တစ်ချက်က ဒီရာသီချန်ပီယံလိဂ်မှာ အင်တာမီလန်အသင်း ဂိုးပေးနည်းပြီး (၃)ဂိုးသာပေးထားရတာပဲ။

ဒါကြောင့် ဒီပွဲက ဂိုးနည်းမယ့်ပွဲလို့ ထင်နေပြီး ဘိုင်ယန်အနိမ့်ဆုံးသရေကစားနိုင်မယ်လို့တော့ ယူဆမိတယ်။ (၁-၁)လိုရလဒ်မျိုးထွက်မယ်ထင်တယ်။

ရီးရဲလ်မက်ဒရစ် - အာဆင်နယ်
(ချန်ပီယံလိဂ်ကွာတားဖိုင်နယ်)
(17 April 2025/ 1:30 am)

ပထမအကျော့မှာ နှစ်သင်းကြားအဓိက ခြားနားသွားခဲ့တာက အာဆင်နယ်ရဲ့Set-Piece တွေ အန္တရာယ်များမှန်းသိလျက်နဲ့ ရီးရဲလ်နောက်တန်းနဲ့ ဂိုးသမားက မတားဆီးနိုင်ခဲ့တာနဲ့ ရီးရဲလ်ရဲ့ ဘာပေ၊ ဗင်နီစီယပ်စ်၊ ဘယ်လင်ဂမ်တိုက်စစ်အတွဲရဲ့ တိုက်စစ်လမ်းကြောင်းတွေကို အာဆင်နယ်နောက်တန်းက ထိထိရောက်ရောက် ကာကွယ်တားဆီးနိုင်ခဲ့တာပါပဲ။

အာဆင်နယ်အနေနဲ့ အိမ်ကွင်းမှာ ဒီအခွင့်အရေးနှစ်ခုစလုံးကို လွယ်လွယ်ကူကူရခဲ့ပေမယ့် ဘာနေဗျူးကွင်းမှာတော့ ဒီလောက်လွယ်ကူမှာ မဟုတ်ဘူးဆိုတာ သိထားရမယ်။

အရင်လိုအခြေအနေမျိုးဆိုရင် ရီးရဲလ်မက်ဒရစ်အသင်းနဲ့ကစားမယ့် အဝေးကွင်းပွဲစဉ်ဟာ အာဆင်နယ်အတွက် အလွန်စိုးရိမ်စရာကောင်းပေမယ့် ဒီနောက်ပိုင်း ချန်ပီယံလိဂ်အဝေးကွင်းပွဲတွေမှာ အာဆင်နယ်ရဲ့ခြေစွမ်းနဲ့ ရလဒ်တွေက လေးစားလောက်စရာဖြစ်လို့ ရီးရဲလ်ကို ကောင်းကောင်းရင်ဆိုင်နိုင်မယ်လို့မျှော်လင့်ရတယ်။နောက်ဆုံးအဝေးကွင်း(၃)ပွဲမှာ အာဆင်နယ်က စပို့တင်းလစ္စဘွန်း၊ ဂျီရိုနာ၊ PSV တို့ကို စုစုပေါင်း(၁၄)ဂိုးအထိသွင်းပြီး ဆက်တိုက်အနိုင်ရထားတယ်။

ရီးရဲလ်မက်ဒရစ်အသင်းမှာ ကာဗာဟယ်လ်၊ မီလီတာအို၊ မန်ဒီအစရှိတဲ့ ကစားသမားတွေက ဒဏ်ရာမသက်သာသေးလို့ ဒီပွဲ ဆက်လွဲမှာဖြစ်ပြီး ကာမာဗင်ဂါက ပွဲပယ်ကြောင့် ဒီပွဲလွဲမယ်။

အာဆင်နယ်မှာက ကာလာဖီအိုရီ၊ ဂါဘရီရဲလ်၊ တိုမီယာဆု၊ ဂျေးဆူ၊ ကိုင်ဟာဗက်ဇ်အစရှိတဲ့ကစားသမားတွေ ဒီပွဲမှာ ပါဝင်နိုင်မှာ မဟုတ်ဘဲ ပါတေး၊ ဂျော်ဂျင်ညို၊ ဘင်၀ှိုက်တို့က ၅၀-၅၀ အခြေအနေမှာရှိတယ်။

အာဆင်နယ်အနေနဲ့ ရီးရဲလ်မက်ဒရစ်ကို သမိုင်းတစ်လျှောက် မရှုံးခဲ့သလို ဂိုးလည်းမပေးခဲ့ရပေမယ့် ဒီတစ်ကြိမ်တော့ လက်ရှိချန်ပီယံအသင်းရဲ့တစ်ဟုန်တိုး တိုက်စစ်ဆင်မှုလှိုင်းလုံးအောက်မှာ ဂိုးမပေးရအောင် ကြံကြံခံရမှာဖြစ်တယ်။

အိမ်ကွင်းမှာ ရီးရဲလ်မက်ဒရစ် အနိုင်ရလဒ်ရအောင်တော့ ကစားနိုင်မှာဖြစ်မယ်လို့ မျှော်လင့်မိတယ်။ ဒါပေမယ့် ပထမအကျော့ရလဒ်ကို ချေဖျက်ပြီး ပြန်လာဖို့အထိတော့ မဖြစ်နိုင်ဘူးလို့ထင်နေတယ်။ ရီးရဲလ်အနိုင် (၂-၁)(၃-၁)လို ရလဒ်မျိုးကိုပဲ အကြိုက်တွေ့မိတယ်။