ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ
၀ုလ်ဗ်စ် - စပါး
(ပရီးမီးယားလိဂ်)
(13 April 2025/ 7:30 pm)
စပါးက ရမှတ်(၃၇)မှတ်နဲ့ အဆင့်(၁၅)မှာ ရပ်တည်နေပြီး ၀ုလ်ဗ်စ်က ရမှတ်(၃၂)မှတ်နဲ့ အဆင့်(၁၇)မှာ ရပ်တည်နေတယ်။
ဒီရာသီမှာ ရလဒ်တွေဆိုးနေတဲ့ စပါးက အဝေးကွင်းမှာလည်း ရှုံးပွဲတွေများလွန်းနေပြီး (၉)ပွဲအထိ ရှုံးထားတယ်။ ဒီရာသီပရီးမီးယားလိဂ်မှာ စပါးထက်ပိုရှုံးတဲ့အသင်းဆိုလို့ ဇယားအောက်ဆုံးက ဆောက်သမ်တန်နဲ့ အဆင့်(၁၉)က လက်စတာတို့ပဲ ရှိပြီး (၁၃)ပွဲစီ ရှုံးထားကြတာဖြစ်တယ်။
စပါးရဲ့အဝေးကွင်းရလဒ်တွေက စိတ်ပျက်စရာကောင်းနေချိန်မှာ အခုပွဲမှာ ကစားရမယ့်၀ုလ်ဗ်စ်အသင်းက နောက်ဆုံးပရီးမီးယားလိဂ်(၃)ပွဲဆက်တိုက်အနိုင်ကစားပြီး လတ်တလော ခြေစွမ်းထက်နေတဲ့အသင်းဖြစ်တယ်။
လက်ရှိပရီးမီးယားလိဂ်အသင်းတွေထဲမှာ နောက်ဆုံးပရီးမီးယားလိဂ်(၃)ပွဲဆက်တိုက်အနိုင်ကစားထားနိုင်တဲ့အသင်းဆိုလို့ ၀ုလ်ဗ်စ်တစ်သင်းပဲရှိတယ်။ ချန်ပီယံဆုရယူဖို့ သေချာနေတဲ့လီဗာပူးလ်တောင် ၀ုလ်ဗ်စ်လို မစွမ်းဆောင်ထားနိုင်ဘူး။
ဒီလိုအခြေအနေတွေရှိချိန်မှာ ၀ုလ်ဗ်စ်အသင်းနဲ့ စပါးရဲ့ရလဒ်ပိုင်းကို ပြန်ကြည့်တော့လည်း စပါးက နောက်ဆုံး(၄)ပွဲဆက်တိုက် ၀ုလ်ဗ်စ်ကို အနိုင်မရဘူး။ ၀ုလ်ဗ်စ်က အရင်နည်းပြဂယ်ရီအိုနေးလ်လက်ထဲက ဗစ်တာပါရဲရားတာဝန်ယူကတည်းက ရလဒ်တွေရော၊ ခြေစွမ်းပိုင်းပါ တိုးတက်လာတာ ငြင်းမရဘူး။
ဂျာမန်မြေမှာကစားရမယ့် ယူရိုပါလိဂ် ဒုတိယအကျော့ပွဲအတွက် အာရုံထားရဦးမယ့် နည်းပြပိုစတီကိုဂလူးအတွက် ဒီပွဲက ခက်ခဲဦးမယ့်ပွဲဖြစ်ပြီး အိမ်ရှင်ကိုရွေးချယ်တာ အကောင်းဆုံးဖြစ်မယ်ထင်တယ်။ ၀ုလ်ဗ်စ်အနိုင်(၂-၁)(၃-၂)လို ရလဒ်တွေကို မျှော်လင့်မိတယ်။
နယူးကာဆယ် - မန်ယူနိုက်တက်
(13 April 2025/ 10:00 pm)
နယူးကာဆယ်က ရမှတ်(၅၃)မှတ်နဲ့ အဆင့်(၇)မှာ ရပ်တည်နေပြီး မန်ယူနိုက်တက်က ရမှတ်(၃၈)မှတ်နဲ့ အဆင့်(၁၃)မှာ ရပ်တည်နေတယ်။
နယူးကာဆယ်အနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ရ အဆင့်(၅)ထဲမှာ ပါဝင်ဖို့ အခွင့်အလမ်းကောင်းတွေရှိနေပြီး နှစ်ပွဲလျော့နေချိန်မှာ အဆင့်(၃)က ဖောရက်စ်နဲ့ (၄)မှတ်ပဲကွာတယ်။ ဒီနှစ်ပွဲလုံးကိုသာ အနိုင်တွက်မယ်ဆိုရင် နယူးကာဆယ်က ဖောရက်စ်ရဲ့အဆင့်(၃)နေရာကို ရယူနိုင်မှာဖြစ်တယ်။
မန်ယူနိုက်တက်အသင်းနဲ့ နယူးကာဆယ် ပထမအကျော့တွေ့ဆုံချိန်မှာ နယူးကာဆယ်က အစ်ဆက်၊ ဂျိုလင်တန်တို့ရဲ့ဂိုးတွေနဲ့အတူ အဝေးကွင်းမှာ (၂-၀)ဂိုးနဲ့ အနိုင်ရထားတယ်။ ဒီတော့ ဒီပွဲမှာသာအနိုင်ရခဲ့ရင် (၉၄)နှစ်အတွင်း ပထမဆုံးအနေနဲ့ မန်ယူနိုက်တက်အသင်းကို (၂)ကျော့စလုံးအနိုင်ရတဲ့မှတ်တမ်းကို နယူးကာဆယ် ပိုင်ဆိုင်နိုင်မယ်။
နယူးကာဆယ်နဲ့ စိန့်ဂျိမ်းစ်ပတ်ခ်မှာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်(၂)ပွဲမှာလည်း မန်ယူနိုက်တက်က ဂိုးတောင်မရဘဲ အရှုံးပေးခဲ့ရတယ်။ ဒီနောက်ပိုင်းဒီနှစ်သင်းတွေ့ဆုံမှုမှာ နယူးကာဆယ်က သိသိသာသာအသာရလာပြီး မန်ယူနိုက်တက်အသင်းကို မကြာခဏအနိုင်ယူခဲ့တာကို တွေ့ရတယ်။
နောက်ဆုံးတွေ့ဆုံမှု(၅)ပွဲမှာ နယူးကာဆယ်က (၄)ပွဲအထိ အနိုင်ရခဲ့ပြီး နိုင်တဲ့ပွဲတိုင်းမှာလည်း Clean Sheet ပွဲတွေနဲ့ နိုင်ခဲ့တာဖြစ်တယ်။
မန်ယူနိုက်တက်က စပါးလိုပဲ ယူရိုပါလိဂ်ကွာတားဖိုင်နယ် ဒုတိယအကျော့မှာ လိုင်ယွန်ကို အနိုင်ကစားရမယ့် ဖိအားရှိနေပြီး ဒီပွဲအပေါ် အပြည့်အ၀အာရုံထားဖို့ ခက်လိမ့်မယ်။
ဒီပွဲလည်း အိမ်ရှင်ကိုပဲ ပိုအကြိုက်တွေ့မိတယ်။ နယူးကာဆယ် အနိမ့်ဆုံးသရေရလဒ်ရမှာဖြစ်ပြီး ဂိုးမပြတ်တဲ့ရလဒ်တစ်ခုခုနဲ့ အနိုင်ရဖို့ ပိုပြီး မျှော်လင့်မိတယ်။ (၁-၀)(၂-၁)လို ရလဒ်တွေကိုကြိုက်မိတယ်။