DDR4 Memory ထုတ်လုပ်မှု ရပ်ဆိုင်းတော့မယ် Samsung
DDR4 memory chips ထုတ်လုပ်တဲ့နေရာမှာ ထိပ်ဆုံးမှာရပ်တည်နေတဲ့ Samsung ကတော့ DDR4 memory chips တွေကို ဒီနှစ်ကုန်အထိပဲ ထုတ်လုပ်သွားမှာဖြစ်ပြီး တရားဝင်ရပ်နားသွားမှာကြောင်း ကြေညာလိုက်ပါတယ်။
အမှာစာအသစ်တွေကို လာမယ် ဇွန်လအစောပိုင်းမှာ နောက်ဆုံးလက်ခံမှာဖြစ်ပြီး သက်ဆိုင်ရာကုမ္ပဏီများနဲ့ ဖောက်သည်တွေကိုတော့ ဒီဇင်ဘာလနောက်ဆုံးထားပြီး ပို့ဆောင်သွားမယ်လို့ ဆိုထားပါတယ်။
ရပ်နားရတဲ့အကြောင်းအရင်းကတော့ နောက်ဆုံးပေါ် memory နည်းပညာတွေဖြစ်တဲ့ DDR5, LPDDR5 နဲ့ HBM တို့ ထုတ်လုပ်မှုအပေါ် ပိုပြီးအားစိုက်ချင်တာကြောင့်ပါ။ ဒါ့အပြင် AI နဲ့ပတ်သက်ပြီး ထုတ်လုပ်မှုအချို့ကို အရှိန်မြင့်တင့်ဖို့လည်း စတင်ရည်ရွယ်ထားတာကြောင့်လို့ ဆိုပါတယ်။
နောက်ထပ်အကြောင်းအရင်းကလည်း 2023 စက်တင်ဘာလကစပြီး ရောင်းအားကျဆင်းလာတာရယ် တရုတ်ကနေ ဈေးနှုန်းသက်သာတဲ့ DDR4 ဝင်ရောက်လာမှု များပြားလာတာကြောင့်ပါ။ ဒါကြောင့် Samsung အနေနဲ့ DDR4 ထုတ်လုပ်မှုအပေါ်ရပ်ဆိုင်းလိုက်ပြီး နည်းပညာအသစ်များကို အရှိန်တင်လိုက်တဲ့သဘောပါပဲ။