ဒွန်နာရမ်မာကို မကျော်ဖြတ်နိုင်လို့ အိမ်ကွင်းမှာ PSG ကို ရှုံးခဲ့ရတဲ့ အာဆင်နယ်အသင်း
ချန်ပီယံလိဂ်(ဆီမီးဖိုင်နယ်)ပထမအကျော့
-------------------------------------------
အာဆင်နယ် (၀-၁) PSG
ချန်ပီယံလိဂ်(ဆီမီးဖိုင်နယ်)ပထမအကျော့မှာ အာဆင်နယ်အသင်းဟာ IFFHS ရဲ့လက်ရှိအကောင်းဆုံးဂိုးသမားအဖြစ်သတ်မှတ်ခံထားရတဲ့ အီတလီဂိုးသမားဒွန်နာရမ်မာကို မကျော်ဖြတ်နိုင်လို့ အိမ်ကွင်းမှာ(၀-၁)ဂိုးနဲ့ အရှုံးပေးခဲ့ရပါတယ်။
ဒီပွဲမှာ နှစ်ဖက်အသင်းဟာ အခွင့်အရေးဆတူလောက်ရခဲ့ပေမယ့် ပွဲစပြီး (၄)မိနစ်မှာ သွင်းယူခဲ့တဲ့ PSG တောင်ပံကစားသမားဒမ်ဘီလီရဲ့ဂိုးက အဆုံးအဖြတ်ဖြစ်ခဲ့ရတာပါ။
အာဆင်နယ်အသင်းနဲ့တွေ့ဆုံတိုင်းရလဒ်မကောင်းတဲ့ PSG အသင်းက အဝေးကွင်းမှာ ဒီတစ်ခါတော့ အာဆင်နယ်ကို တိုက်စစ်ဖွင့်ကစားခဲ့ပြီး ပွဲက အပြန်အလှန်ထိုးဖောက်မှုတွေနဲ့ ကြည့်ကောင်းခဲ့ပါတယ်။
အာဆင်နယ်အသင်းအတွက် ထရော့ဆာ့ဒ်၊ ဆာကာတို့ရဲ့အပိုင်ကန်သွင်းချက်တွေကို ဒွန်နာရမ်မာက လက်စွမ်းပြကာကွယ်ခဲ့သလို အာဆင်နယ်ကွင်းလယ်လူမယ်ရီနိုခေါင်းတိုက်သွင်းခဲ့တဲ့ဂိုးတစ်ဂိုးကလည်း Semi-automated offside technology မှာ လူကျွံနေတာကြောင့် ဂိုးအဖြစ်က ပယ်ဖျက်ခံရပါတယ်။
ပွဲချိန်(၈၆)မိနစ်လောက်မှာ PSG အသင်းအတွက် ဂွန်ဆာလိုရာမို့စ် သွင်းယူခဲ့တဲ့ဘောလုံးက ဘားတန်းကို ထိသွားတာကြောင့်လည်း အာဆင်နယ်အသင်း သက်သာရာရခဲ့ပါတယ်။
ဒီပွဲရဲ့အကောင်းဆုံးကစားသမားဆု(Player of the Match)ကိုတော့ ကွင်းလယ်မှာ အာဆင်နယ်အသင်းရဲ့တိုက်စစ်လမ်းကြောင်းတွေကို ဖြတ်တောက်နိုင်တဲ့အပြင် တိကျမှန်ကန်တဲ့ဘောလုံးပေးပို့မှုတွေနဲ့ အသင်းကို ထိန်းကျောင်းကစားသွားတဲ့ PSG ကွင်းလယ်လူ ဗီတင်ညာက ရရှိခဲ့ပါတယ်။
ပြင်သစ်မြေမှာ ကစားမယ့် ဒုတိယအကျော့ပွဲကို လာမယ့် မေလ(၇)ရက်နေ့မှာ ကစားသွားမှာဖြစ်ပါတယ်။
ဒီနေ့ညမှာ အခြားဆီမီးဖိုင်နယ်ပထမအကျော့ပွဲအဖြစ် ဘာစီလိုနာနဲ့ အင်တာမီလန်တို့ ကစားသွားမှာပါ။
အာဆင်နယ်အသင်းအနေနဲ့ ဗိုလ်လုပွဲတက်ရောက်ခွင့်အတွက် အဝေးကွင်းမှာ ခက်ခက်ခဲခဲကစားရမှာဖြစ်ပေမယ့် ဒီရာသီချန်ပီယံလိဂ် အဝေးကွင်းပွဲတွေမှာ ရီးရဲလ်မက်ဒရစ်အသင်းကို အပါအဝင် (၄)ပွဲဆက်တိုက်အနိုင်ယူထားတဲ့အာဆင်နယ်အသင်းအနေနဲ့ နိုင်ပွဲရယူဖို့တော့ အာဆင်နယ်ပရိသတ်တွေ မျှော်လင့်နိုင်ပါတယ်။