စပိန်ဘုရင့်ဖလားကို(၃၂)ကြိမ်မြောက် ရယူခဲ့တဲ့ ဘာစီလိုနာ
စပိန်ဘုရင့်ဖလားဗိုလ်လုပွဲ
ဘာစီလိုနာအသင်း(၃-၂) ရီးရဲလ်မက်ဒရစ် (AET)
စပိန်ဘုရင့်ဖလားဗိုလ်လုပွဲမှာ ဘာစီလိုနာအသင်းက ရီးရဲလ်မက်ဒရစ်အသင်းကို အချိန်ပိုသွင်းဂိုးနဲ့ အနိုင်ယူခဲ့ပြီး ဒီပြိုင်ပွဲမှာ (၃၂)ကြိမ်မြောက်အဖြစ် ဗိုလ်စွဲခဲ့ပါတယ်။
ဘာစီလိုနာအသင်းအနေနဲ့ ဒီရာသီ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ကစားခဲ့တဲ့ El Clasico ပွဲ(၃)ပွဲဆက်တိုက် အနိုင်ယူနိုင်ခဲ့တာဖြစ်ပြီး နည်းပြဟန်ဆီဖလစ်အနေနဲ့ ပထမဆုံးEl Clasico ပွဲ(၃)ပွဲဆက်တိုက် အနိုင်ရတဲ့ ဒုတိယမြောက်ဘာစီလိုနာအသင်းနည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ အရင်က ဒီလို ပထမဆုံးရင်ဆိုင်ခဲ့ရတဲ့ El Clasico ပွဲ(၃)ပွဲဆက်တိုက် အနိုင်ရခဲ့တဲ့နည်းပြက ဂွါဒီယိုလာဖြစ်ပါတယ်။

ဟန်ဆီဖလစ်ဟာ ဖလားဗိုလ်လုပွဲတွေရောက်ရင် မရှုံးတဲ့သူရဲ့မှတ်တမ်းကောင်းကိုလည်း ဆက်ထိန်းသိမ်းနိုင်ခဲ့တာပါ။ သူ့ရဲ့နည်းပြဘ၀မှာ ဖလားဗိုလ်လုပွဲ(၇)ကြိမ်နွှဲခဲ့ဖူးပြီး ဒီ(၇)ကြိမ်စလုံး သူကိုင်တွယ်တဲ့အသင်းတွေက ချန်ပီယံဆုတွေ ဆွတ်ခူးနိုင်ခဲ့တာပါ။
ဒီရာသီအတွင်း ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ကစားခဲ့တဲ့ဖလားဗိုလ်လုပွဲနှစ်ကြိမ်စလုံး ဘာစီလိုနာအသင်းက အနိုင်ရခဲ့တာဖြစ်ပြီး အခုနှစ်အစောပိုင်းက ဆော်ဒီမှာ ကစားခဲ့တဲ့စပိန်စူပါဖလားဗိုလ်လုပွဲမှာလည်း (၅-၂)ဂိုးနဲ့ အနိုင်ယူခဲ့တာပါ။

စပိန်ဘုရင့်ဖလားဗိုလ်လုပွဲမှာတော့ ရီးရဲလ်မက်ဒရစ်အသင်းဟာ ရှေ့ပွဲတွေလို ဘာစီလိုနာကို ဂိုးမပြတ်ခဲ့ဘဲ ချေပဂိုးတွေ၊ ဦးဆောင်ဂိုးတွေ သွင်းယူနိုင်ခဲ့ပေမယ့် အချိန်ပိုပြီးခါနီး(၄)မိနစ်အလိုခန့်မှာ သွင်းယူခဲ့တဲ့ဂိုးကြောင့် အရှုံးပေးခဲ့ရတာပါ။
ဘာစီလိုနာအတွက် ပက်ဒရီက ပွဲချိန်(၂၈)မိနစ်မှာ ယာမားလ်ဖန်တီးပေးတဲ့ဘောလုံးကို Volley အဝေးကန်ချက်နဲ့ ဦးဆောင်ဂိုးသွင်းခဲ့ပြီး ရီးရဲလ်မက်ဒရစ်အသင်းအတွက် ဘာပေက (၇၀)မိနစ်မှာ ဖရီးကစ်ကနေ ချေပဂိုးသွင်းယူခဲ့သလို၊ ချူအာမန်နီက(၇၇)မိနစ်မှာ ခေါင်းတိုက်ဂိုးသွင်းပြီး ပြန်ဦးဆောင်ခဲ့ပါတယ်။ ပွဲချိန်(၈၄)မိနစ်မှာ ဘာစီလိုနာအတွက် ဖယ်ရန်တောရက်စ်က ချေပဂိုးသွင်းခဲ့တာကြောင့် ပုံမှန်ပွဲချိန်အတွင်း(၂-၂)ဂိုးနဲ့ ပွဲပြီးခဲ့ပါတယ်။
အချိန်ပို ဆက်ကစားခဲ့ရာမှာ ဘာစီလိုနာနောက်ခံလူ ခွန်ဒဲက ပွဲချိန်(၁၁၆)မိနစ်မှာ အနိုင်ဂိုးသွင်းခဲ့လို့ ရီးရဲလ်မက်ဒရစ်အသင်းကြေကွဲခဲ့ရပါတယ်။

ဒီပွဲမှာ ဘာစီလိုနာအသင်းက ရီးရဲလ်မက်ဒရစ်အသင်းထက် ပိုပြီးဂိုးသွင်းခွင့်တွေရခဲ့သလို၊ ပွဲကိုလည်း ပိုလွှမ်းမိုးနိုင်ခဲ့တာကြောင့် ထိုက်တန်တဲ့နိုင်ပွဲလို့တော့ ဆိုနိုင်ပါတယ်။ ဘာစီလိုနာအသင်းဟာ စပိန်ဘုရင့်ဖလားပြိုင်ပွဲမှာ အအောင်မြင်ဆုံးအသင်းအဖြစ် (၃၂)ကြိမ်မြောက်ဗိုလ်စွဲတာဖြစ်ပြီး ဒုတိယနေရာမှာ ဘီလ်ဘာအိုက (၂၄)ကြိမ်၊ တတိယနေရာမှာ ရီးရဲလ်မက်ဒရစ်အသင်းက (၂၀)ကြိမ်နဲ့ ရပ်တည်နေပါတယ်။