စပိန်ဘုရင့်ဖလားဗိုလ်လုပွဲမှာ ဒိုင်လူကြီးကို ရေခဲနဲ့ပစ်ပေါက်တဲ့ ရူဒီဂါ ကြီးမားတဲ့ပွဲပယ်ပြစ်ဒဏ်နဲ့ ရင်ဆိုင်ရဖွယ်ရှိ
မနေ့က စပိန်ဘုရင့်ဖလားဗိုလ်လုပွဲ ဘာစီလိုနာ(၃-၂)ရီးရဲလ်မက်ဒရစ်ပွဲမှာ ကွင်းလယ်ဒိုင်လူကြီး ရီကာဒိုဒီဘာဂို့စ်ကို ရေခဲနဲ့ပစ်ပေါက်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ်နောက်ခံလူ ရူဒီဂါဟာ ကြီးမားတဲ့ပွဲပယ်ပြစ်ဒဏ်နဲ့ ရင်ဆိုင်ရဖွယ်ရှိနေပါတယ်။
ဒီပွဲရဲ့အချိန်ပို ပွဲပြီးခါနီးမှာ ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး ဘာပေကို ဘာစီလိုနာအသင်းဘက်က ပြစ်ဒဏ်ကျူးလွန်ခဲ့တာကို ကွင်းလယ်ဒိုင်လူကြီးက ပြစ်ဒဏ်ဘောသတ်မှတ်ပေးခဲ့ခြင်းမရှိတဲ့အပေါ် ရူဒီဂါအပါအဝင် ရီးရဲလ်မက်ဒရစ်အသင်းအရန်ခုံတန်းပေါ်မှာရှိတဲ့သူတွေဟာ ဒေါသထွက်ခဲ့ကြတာပါ။
ရီးရဲလ်မက်ဒရစ်ကစားသမားတွေဖြစ်တဲ့ ဗက်စ်ကေးဇ်နဲ့ ဗင်နီစီယပ်စ်တို့ဟာ ကွင်းထဲကို ပြေးဝင်ကာ ကွင်းလယ်ဒိုင်လူကြီးကို ဒေါသထွက်တဲ့အမူအရာပြုလုပ်ခဲ့သလို ရူဒီဂါဟာ ကွင်းဘေးစည်းကနေ ရေခဲတုံးနဲ့ ပစ်ပေါက်ခဲ့တာဖြစ်ပါတယ်။ ကွင်းလယ်ဒိုင်လူကြီးဟာ ရီးရဲလ်မက်ဒရစ်အသင်းအရန်ခုံတန်းရှေ့ကိုရောက်ရှိလာပြီး ရူဒီဂါနဲ့ ဗတ်စ်ကေးဇ်တို့ကို တိုက်ရိုက်အနီကတ်ပြပြီးထုတ်ပယ်ခဲ့ပါတယ်။
ရူဒီဂါဟာ သူ့ကိုအနီကတ်ပြသခဲ့တဲ့ ကွင်းလယ်ဒိုင်လူကြီးနဲ့ ထိပ်တိုက်တွေ့ဖို့ကြိုးစားခဲ့တာကြောင့် ရီးရဲလ်မက်ဒရစ်အသင်းဖော်တွေနဲ့ နည်းပြအဖွဲ့ဝင်တွေက သူ့ကို ထိန်းသိမ်းခဲ့ရပါတယ်။ စပိန်ဘောလုံးအဖွဲ့ချုပ်(RFEF)ထံ တင်ပြခဲ့တဲ့ ကွင်းလယ်ဒိုင်လူကြီးရီကာဒိုဒီဘာဂို့စ်ရဲ့ ပွဲအပြီးအစီရင်ခံစာမှာ ရူဒီဂါဟာ သူ့ကို အရာဝတ္ထုတစ်ခုနဲ့ ပစ်ပေါက်ခဲ့တယ်လို့အတည်ပြုခဲ့ပြီး ဒိုင်လူကြီးတွေအပေါ် ရန်လိုခဲ့တဲ့ ရီးရဲလ်မက်ဒရစ်ကွင်းလယ်လူ ဘယ်လင်ဂမ်ကိုလည်း ပွဲသိမ်းခရာမှုတ်အပြီးမှာ ထုတ်ပယ်ခဲ့တယ်လို့ ဖော်ပြခဲ့တာပါ။
အဲ့ဒါကြောင့် ရီးရဲလ်မက်ဒရစ်အသင်းဟာ စပိန်ဘုရင့်ဖလားဗိုလ်လုပွဲမှာ ကစားသမား(၃)ဦးအထိ ထုတ်ပယ်ခံခဲ့ရပြီး ကွင်းလယ်ဒိုင်လူကြီးကို ရေခဲနဲ့ပစ်ပေါက်ခဲ့တဲ့ ရူဒီဂါဟာ ကြီးမားတဲ့ပွဲပယ်ပြစ်ဒဏ်နဲ့ ရင်ဆိုင်ရဖွယ်ရှိနေပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းဟာ စပိန်လာလီဂါပြိုင်ပွဲမှာလည်း ဘာစီလိုနာအသင်းရဲ့(၄)မှတ်ဖြတ်ဦးဆောင်ခြင်းကို ခံထားရတာကြောင့် ဒီရာသီကို ဆုဖလားလက်မဲ့နဲ့ အဆုံးသတ်ရဖွယ်ရှိနေပါတယ်။