စပိန်ဘုရင့်ဖလားဗိုလ်လုပွဲက ရူဒီဂါရဲ့အပြုအမူက လက်ခံနိုင်စရာမရှိဘူးလို့ ဂျာမနီဘောလုံးအဖွဲ့ချုပ်(DFB) ဝေဖန်

ဘာစီလိုနာအသင်းက ရီးရဲလ်မက်ဒရစ်အသင်းကို (၃-၂)ဂိုးနဲ့အနိုင်ရခဲ့တဲ့ စပိန်ဘုရင့်ဖလားဗိုလ်လုပွဲစဉ်က ဂျာမနီလက်ရွေးစင်အသင်းရဲ့ရီးရဲလ်မက်ဒရစ်အသင်းနောက်ခံလူ ရူဒီဂါရဲ့အပြုအမူဟာ လက်ခံနိုင်စရာမရှိဘူးလို့ ဂျာမနီဘောလုံးအဖွဲ့ချုပ်(DFB)အားကစားဒါရိုက်တာရူဒီဗောင်လာက ဝေဖန်လိုက်ပါတယ်။

ရူဒီဂါဟာ ဒီပွဲစဉ်ရဲ့အချိန်ပိုပွဲပြီးခါနီးမှာ ကွင်းလယ်ဒိုင်လူကြီးရီကာဒိုဒီဘာဂို့စ်ကို ရေခဲနဲ့ပစ်ပေါက်ခဲ့သလို ထိပ်တိုက်တွေ့ဆုံဖို့လုပ်ခဲ့တာကြောင့် တိုက်ရိုက်အနီကတ်ပြထုတ်ပယ်ခြင်းခံခဲ့ရတာပါ။

ရူဒီဂါဟာ ဒီအပြုအမူကြောင့် (၁၂)ပွဲအထိ ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံရနိုင်သလို ဒီထက်ပိုများတဲ့ ပွဲပယ်ခံရဖွယ်ရှိတယ်လို့ စပိန်မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းနောက်ခံလူရူဒီဂါဟာ နောက်ပိုင်းမှာ ဒီဖြစ်ရပ်တွေအတွက် တောင်းပန်ကြောင်းကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမယ့် ရူဒီဂါဟာ သူ့ရဲ့အပြုအမူအတွက် အကြီးအကျယ်ဝေဖန်ခံနေရပြီး ဒီအထဲမှာ သူ့ရဲ့နိုင်ငံအသင်းဖြစ်တဲ့ ဂျာမနီလက်ရွေးစင်အသင်းက အကြီးအကဲတွေလည်း ပါဝင်လာခဲ့တာပါ။

ရူဒီဗောင်လာက "တိုနီဟာ ကောင်းမွန်တဲ့ကစားသမားဖြစ်ပေမယ့် နိုင်ငံလက်ရွေးစင်တစ်ဦးအနေနဲ့ အဆင့်အတန်းရှိတဲ့ အပြုအမူကို ပြသရမှာပါ။ ဂျာမနီလက်ရွေးစင်အတွက်တော့ ဒါကလက်ခံနိုင်စရာမရှိတဲ့ အပြုအမူပါ"လို့ ဆိုခဲ့ပါတယ်။

ရူဒီဂါဟာ ဒီအပြုအမူကြောင့် ဂျာမနီလက်ရွေးစင်အသင်းမှာ သူ့ကိုရွေးချယ်ခြင်းမပြုဖို့တောင် တောင်းဆိုမှုတွေလည်းခံနေရတာပါ။ ရီးရဲလ်မက်ဒရစ်အသင်းနောက်ခံလူ ရူဒီဂါဟာ ဂျာမနီလက်ရွေးစင်အသင်းရဲ့အဓိကနောက်ခံလူတစ်ဦးဖြစ်ပြီး (၇၉)ပွဲပါဝင်ကစားထားကာ (၃)ဂိုးသွင်းယူထားပါတယ်။