စပိန်ဘုရင့်ဖလားဗိုလ်လုပွဲအတွက် ဘာစီလိုနာအသင်းလူစာရင်းမှာ ဂိုးသမားစတီဂန်ပါဝင်လာခဲ့

ဘာစီလိုနာ-ရီးရဲလ်မက်ဒရစ် စပိန်ဘုရင့်ဖလားဗိုလ်လုပွဲအတွက် ထုတ်ပြန်ခဲ့တဲ့ ဘာစီလိုနာအသင်းလူစာရင်းမှာ ဒဏ်ရာကြောင့်ကာလရှည်ကြာအနားယူနေခဲ့ရတဲ့ ဂျာမနီဂိုးသမား စတီဂန်ပါဝင်လာခဲ့ပါတယ်။
ဘာစီလိုနာအသင်းခေါင်းဆောင် စတီဂန်ဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာက ကစားခဲ့တဲ့ လာလီဂါပွဲစဉ်မှာ ဒူးဒဏ်ရာရရှိခဲ့တာပါ။ စတီဂန်ဟာ ဒဏ်ရာကြောင့် ရာသီကုန်အထိအနားယူရမယ်လို့ ခန့်မှန်းထားကြပေမယ့် သူဟာ မတ်လမှာ ဘာစီလိုနာအသင်းရဲ့လေ့ကျင့်ရေးကွင်းထဲ ပြန်ရောက်လာခဲ့တာဖြစ်ပါတယ်။

အခုဆိုရင် စတီဂန်ဟာ ဒဏ်ရာကနေအပြည့်အဝကောင်းမွန်သွားပြီဖြစ်တာကြောင့် ဘာစီလိုနာအသင်းအတွက် ပွဲတွေပြန်ကစားခွင့်ရရှိခဲ့တာပါ။ ဘာစီလိုနာအသင်းလူစာရင်းထဲ စတီဂန်ပြန်ပါဝင်ခဲ့တာကြောင့် နည်းပြဟန်ဆီဖလစ်အနေနဲ့ ရာသီရဲ့နောက်ဆုံးပွဲတွေမှာ ဘယ်ဂိုးသမားကို ပွဲထွက်ဂိုးသမားအဖြစ် အသုံးပြုမလဲဆိုတာ ရွေးချယ်ရဖို့ရှိနေပါတယ်။

ဘာစီလိုနာအသင်းဟာ စတီဂန်ရဲ့ဒဏ်ရာကြောင့် အရေးပေါ်ဂိုးသမားခေါ်ယူမှုအဖြစ် အာဆင်နယ်နဲ့ ဂျူဗင်တပ်စ်အသင်းဂိုးသမားဟောင်း ရှက်ဇနီကို ခေါ်ယူထားတာပါ။ ရှက်ဇနီဟာ ဘာစီလိုနာအသင်းရဲ့ဂိုးပေါက်ကို အကောင်းဆုံးကာကွယ်ပြီး အသင်းကို ဆုဖလား(၃)လုံးလမ်းကြောင်းပေါ်ရောက်ရှိအောင် ပို့ဆောင်ပေးထားပါတယ်။

စတီဂန်ဟာ စပိန်ဘုရင့်ဖလားဗိုလ်လုပွဲအတွက် ဘာစီလိုနာအသင်းလူစာရင်းမှာ ပြန်ပါဝင်ခဲ့ပေမယ့် ရှက်ဇနီကသာ ပွဲထွက်ဂိုးသမားအဖြစ်ပါဝင်ရဖို့ ရှိနေပါတယ်။
ဒဏ်ရာရရှိနေတဲ့ ပိုလန်တိုက်စစ်မှူး လီဝန်ဒေါစကီးဟာ စပိန်ဘုရင့်ဖလားဗိုလ်လုပွဲအတွက် ဘာစီလိုနာအသင်းလူစာရင်းမှာ ပါဝင်ခဲ့ခြင်းမရှိပါဘူး။ ဘာစီလိုနာအသင်းဟာ ဒီရာသီမှာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ တွေ့ဆုံခဲ့တဲ့ (၂)ပွဲလုံးဂိုးပြတ်အနိုင်ရခဲ့ပြီး စပိန်ဘုရင့်ဖလားဗိုလ်လုပွဲမှာလည်း ဗိုလ်စွဲဖို့ ရေပန်းစားနေပါတယ်။