စပါး၊ မန်ယူနိုက်တက်တို့ ဂိုးပြတ်ရှုံးပြီး ဖိအားတွေအောက် ပိုရောက်လာခဲ့တဲ့ ပိုစတီကိုဂလူးနဲ့ အာမိုရင်
ဒီတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ်(၃၂) တနင်္ဂနွေနေ့ပွဲစဉ်မှာ လီဗာပူးလ်က နိုင်ပွဲပြန်ရခဲ့ပြီး ချယ်လ်ဆီးက သရေကျခဲ့ပေမယ့် ကျန်အသင်းကြီးနှစ်သင်းဖြစ်တဲ့ စပါးနဲ့ မန်ယူနိုက်တက်တို့က အဝေးကွင်းတွေမှာ ပြိုင်ဘက်အသင်းတွေကို (၄)ဂိုးစီပေးပြီး ဂိုးပြတ်ရှုံးခဲ့ရပါတယ်။
စပါးအသင်းအနေနဲ့ ၀ုလ်ဗ်စ်အသင်းကို (၅)ပွဲဆက်တိုက်ရှုံးခဲ့ရတာဖြစ်ပြီး ပွဲချိန်(၂)မိနစ်ကတည်းက ပေးခဲ့ရတဲ့ဂိုး၊ ပွဲချိန်(၃၈)မိနစ်မှာ စပန်စီ သွင်းယူမိတဲ့ Own Goal တွေကြောင့် ပထမပိုင်းမှာ (၂-၀)ဂိုးအရှုံးနဲ့ နောက်က လိုက်ကစားခဲ့ရပါတယ်။
ဒုတိယပိုင်းမှာ ၀ုလ်ဗ်စ်က လာဆင်၊ ကွန်ညာတို့ ဂိုးတွေ ထပ်သွင်းခဲ့ပြီး စပါးက မာသီတယ်လ်နဲ့ ရစ်ချာလီဆန်တို့ (၂)ဂိုးသာသွင်းနိုင်တာကြောင့် အဝေးကွင်းမှာ (၂-၄)ဂိုးနဲ့ အရှုံးပေးခဲ့ရတာပါ။
ဒီရှုံးပွဲက စပါးအတွက် အဝေးကွင်းမှာ (၄)ပွဲဆက်တိုက်ရှုံးနိမ့်ခဲ့တာဖြစ်ပြီး ၀ုလ်ဗ်စ်အသင်းအတွက်ကတော့ အသင်းသမိုင်းတစ်လျှောက် ပရီးမီးယားလိဂ်မှာပထမဆုံးအနေနဲ့ (၄)ပွဲဆက်တိုက် အနိုင်ရခဲ့တာဖြစ်ပါတယ်။ ၀ုလ်ဗ်အသင်းဟာ ဆောက်သမ်တန်၊ ဝက်စ်ဟမ်း၊ အစ်ဝစ်ချ်၊ စပါးအသင်းတို့ကို ဆက်တိုက်အနိုင်ယူနိုင်ခဲ့တာပါ။
စပါးအသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ၂၀၀၃-၀၄ ရာသီနောက်ပိုင်း အဆိုးရွားဆုံးရှုံးပွဲအရေအတွက်ကို ရရှိနေပြီး ရှုံးပွဲ(၁၇)ပွဲအထိရှိသွားခဲ့ပြီဖြစ်ပါတယ်။၂၀၀၃-၀၄ ရာသီတုန်းက စပါးအသင်းဟာ ပရီးမီးယားလိဂ်မှာ ရှုံးပွဲ(၁၉)ပွဲရှိခဲ့ပြီး ရာသီကုန်မှာ အဆင့်(၁၄)သာ ရရှိခဲ့ပါတယ်။
မန်ယူနိုက်တက်အသင်းကလည်း အဝေးကွင်းမှာ နယူးကာဆယ်ကို အပြန်အလှန်ကစားနိုင်ခဲ့ပေမယ့် အဆုံးသတ်ဂိုးသွင်းယူမှုတွေမှာတော့ အားနည်းခဲ့တာကြောင့် ပွဲချိန်(၃၇)မိနစ်မှာ ဂါနာချိုသွင်းယူခဲ့တဲ့ဂိုးတစ်ဂိုးသာ ရရှိခဲ့ပါတယ်။
နယူးကာဆယ်အတွက် ဂိုးတွေကို တိုနယ်လီ(၂၄ မိနစ်)၊ ဟာဗေးဘန်းစ်(၄၉ မိနစ်၊ ၆၄ မိနစ်)၊ ဂွီမာရေ့စ်(၇၇ မိနစ်)တို့က သွင်းယူခဲ့ကြပြီး (၄-၁)ဂိုးနဲ့ ဂိုးပြတ်အနိုင်ယူခဲ့တာပါ။
နယူးကာဆယ်အသင်းဟာ (၁၉၃၀-၃၁)ရာသီနောက်ပိုင်း နှစ်ပေါင်း(၉၄)နှစ်အတွင်း ပထမဆုံးအနေနဲ့ မန်ယူနိုက်တက်အသင်းကို နှစ်ကျော့စလုံးအနိုင်ရတဲ့မှတ်တမ်းကို ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။မန်ယူနိုက်တက်နဲ့ နယူးကာဆယ် ဒီရာသီပထမအကျော့တွေ့ဆုံမှုမှာ နယူးကာဆယ်က အဝေးကွင်းမှာ (၂-၀)ဂိုးနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။
ဒီရှုံးပွဲတွေကြောင့် စပါးအသင်းဟာ ပွဲစဉ်(၃၂)အပြီး ရမှတ်(၃၇)မှတ်နဲ့ အဆင့်(၁၅)နေရာမှာ ရပ်တည်နေသလို မန်ယူနိုက်တက်အသင်းကလည်း ရမှတ်(၃၈)မှတ်နဲ့ အဆင့်(၁၄)နေရာမှာ ရပ်တည်နေပါတယ်။
လီဗာပူးလ်အသင်းက ဝက်စ်ဟမ်းကို ပွဲချိန်(၁၈)မိနစ်မှာ ဒီယက်ဇ်သွင်းယူခဲ့တဲ့ဂိုးနဲ့ ဦးဆောင်ခဲ့ပေမယ့် ပွဲချိန်(၈၆)မိနစ်မှ ရော်ဘင်ဆင် Own Goal သွင်းမိလို့ သရေကျမလို ဖြစ်ခဲ့ပါသေးတယ်။ ဒါပေမယ့် နောက်(၃)မိနစ်အကြာမှာပဲ ဗန်ဒိုက်ကအနိုင်ဂိုးကို ခေါင်းတိုက်သွင်းယူပေးနိုင်ခဲ့ပြီး လီဗာပူးလ်အသင်း(၂-၁)ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။
ဗန်ဒိုက်ဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ စတင်ပွဲထွက်ကစားခဲ့တဲ့ ၂၀၁၅ စက်တင်ဘာလကစပြီး ပရီးမီးယားလိဂ်သွင်းဂိုး (၂၄)ဂိုးသွင်းယူထားပြီး ဒီဆယ်နှစ်နီးပါးကာလအတွင်း အခြားဘယ်နောက်ခံအတွင်းလူထက်မဆို ပိုမိုများပြားတဲ့ဂိုးအရေအတွက်ကို သွင်းယူထားတာဖြစ်ပါတယ်။
ချယ်လ်ဆီး(၂-၂)အစ်ဝစ်ချ်ပွဲမှာလည်း ချယ်လ်ဆီးအသင်းက အစ်ဝစ်ချ်အသင်းပထမပိုင်းမှာ သွင်းယူခဲ့တဲ့ ဦးဆောင်ဂိုးတွေကို နောက်ကလိုက်ကစားခဲ့ရပြီး ပွဲချိန်(၄၆)မိနစ်မှာ အစ်ဝစ်ချ်နောက်ခံလူသွန်ဇီဘီက Own Goal၊ (၇၉)မိနစ်မှာ ဆန်ချိုက ချေပဂိုးသွင်းယူနိုင်တာကြောင့် (၂-၂)ဂိုးနဲ့ သရေကျခဲ့တာပါ။