စပါး-Bodo/Glimt ယူရိုပါလိဂ်ပွဲကို ဆွန်ဟောင်မင်ပါဝင်နိုင်ဖို့ မသေချာဘူးလို့ ပိုစတီကိုဂလူးဖွင့်ဟ

စပါးအသင်းနည်းပြ ပိုစတီကိုဂလူးက ဒဏ်ရာကြောင့် အသင်းရဲ့ပွဲစဉ်(၄)ပွဲဆက်တိုက်မပါဝင်နိုင်ခဲ့တဲ့ အသင်းခေါင်းဆောင် ဆွန်ဟောင်မင်ဟာ စပါး-Bodo/Glimt ယူရိုပါလိဂ်ဆီမီးဖိုင်နယ်(ပထမအကျော့)ပွဲစဉ်ကို ပါဝင်နိုင်ဖို့ မသေချာဘူးလို့ ဆိုခဲ့ပါတယ်။

တောင်ကိုရီးယားအသင်းခေါင်းဆောင် ဆွန်ဟောင်မင်ဟာ စပါးအသင်းက ဖရန့်ဖတ်အသင်းကို အနိုင်ယူကျော်ဖြတ်ခဲ့တဲ့ ယူရိုပါလိဂ်ကွာတားဖိုင်နယ်(ပထမအကျော့)ပွဲစဉ်ကတည်းက ဒဏ်ရာကြောင့် အသင်းအတွက် ပါဝင်နိုင်ခဲ့ခြင်းမရှိဘဲ အနားယူနေခဲ့ရတာပါ။

ဆွန်ဟောင်မင်ဟာ စပါးအသင်းက လီဗာပူးလ်အသင်းကို (၁-၅)ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မတိုင်မီမှာ ဒဏ်ရာကနေသက်သာပြီး လေ့ကျင့်ခန်းပြန်ဆင်းနေပြီလို့ နည်းပြပိုစတီကိုဂလူးက ပွဲကြိုမီဒီယာတွေ့ဆုံမှုမှာ ဆိုခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဒီပွဲအပြီးမှာ ပြုလုပ်ခဲ့တဲ့ပွဲအပြီးမီဒီယာတွေ့ဆုံမှုမှာ ဆွန်ဟောင်မင်ဟာ ယူရိုပါလိဂ်ဆီမီးဖိုင်နယ်(ပထမအကျော့)ပွဲစဉ်ကို ပါဝင်နိုင်ဖို့ မသေချာဘူးလို့ စပါးအသင်းနည်းပြပိုစတီကိုဂလူးဆိုခဲ့တာပါ။

ပိုစတီကိုဂလူးက "ဆွန်ဟာပွဲပြန်ပါဝင်နိုင်ဖို့ ကြိုးစားနေပါတယ်။ သူဟာ ပထမပွဲအတွက်အဆင်သင့်မဖြစ်သေးဘူးဆိုရင် ဒုတိယပွဲအတွက် သူအဆင်သင့်ဖြစ်မယ်လို့ ကျွန်တော်တို့ထင်ကြောင်း"ဆိုခဲ့ပါတယ်။

စပါးအသင်းဟာ Bodo/Glimt အသင်းနဲ့ ယူရိုပါလိဂ်ဆီမီးဖိုင်နယ်နှစ်ကျော့အကြားမှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဝက်စ်ဟမ်းအသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။ ဒီရာသီပရီးမီးယားလိဂ်ပြိုင်ပွဲမှာ (၁၉)ပွဲအထိ စံချိန်တင်ရှုံးနိမ့်ထားတဲ့ စပါးအသင်းဟာ ဝက်စ်ဟမ်းအသင်းနဲ့ပွဲစဉ်မှာ အရေးနိမ့်ခဲ့ရင် အမှတ်ပေးဇယားအဆင့်(၁၇)နေရာအထိ ကျဆင်းသွားမှာဖြစ်ပါတယ်။