စပါးအသင်းရဲ့ခံစစ်က အကယ်ဒမီအသင်းရဲ့ခံစစ်နဲ့ တူတယ်လို့ ကာရေဂါဝေဖန်

စပါးအသင်းက နော်တင်ဂမ်ဖောရက်စ်အသင်းကို (၁-၂)ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အပြီးမှာ ရုပ်သံဘောလုံးဝေဖန်သူအဖြစ်ဆောင်ရွက်နေတဲ့ လီဗာပူးလ်နောက်ခံလူဟောင်း ကာရေဂါက စပါးအသင်းရဲ့ခံစစ်က အကယ်ဒမီအသင်းရဲ့ခံစစ်နဲ့တူတယ်လို့ ဝေဖန်ခဲ့ပါတယ်။ စပါးအသင်းဟာ ဒီရှုံးပွဲကြောင့် ဒီရာသီပရီးမီးယားလိဂ်ပြိုင်ပွဲမှာ (၁၈)ပွဲမြောက်ရှုံးပွဲကြုံတွေ့ခဲ့ပြီး အမှတ်ပေးဇယားအဆင့်(၁၆)နေရာမှာ ရပ်တည်နေတာပါ။
စပါးအသင်းဟာ ဒီပွဲမှာ နော်တင်ဂမ်ဖောရက်စ်အသင်းကို တစ်ပွဲလုံးအသာစီးနဲ့ ကစားနိုင်ခဲ့ပေမယ့် ဂိုးပေါက်တည့်မှု(၃)ကြိမ်မှာ သွင်းဂိုး(၂)ဂိုးခွင့်ပြုခဲ့ရတာဖြစ်ပါတယ်။ အဲ့ဒါကြောင့် လီဗာပူးလ်နောက်ခံလူဟောင်း ကာရေဂါက စပါးအသင်းရဲ့ခံစစ်ကစားပုံဟာ အကယ်ဒမီအသင်းနဲ့တူပြီး နုံအလွန်းတယ်လို့ Sky Sports မှာ ဝေဖန်ခဲ့တာပါ။
Sky Sports ရဲ့Monday Nights Football ကို ဧည့်သည်အဖြစ်ရောက်ရှိလာခဲ့တဲ့ လန်းစ်အသင်းနည်းပြဝီလ်စတေးလ်က နော်တင်ဂမ်ဖောရက်စ်အသင်းရဲ့တိုက်စစ်မှူးခရစ်ဝုဒ်ရဲ့သွင်းဂိုးအတွက် စပါးအသင်းနောက်ခံလူ ဗန်ဒယ်ဗန်ကို ဝေဖန်မှုပြုလုပ်ခဲ့ပါတယ်။ စပါးအသင်းနည်းပြပိုစတီကိုဂလူးဟာ ဒီပွဲမှာ သူတို့အနိုင်ရဖို့ ထိုက်တန်တယ်လို့ခံစားခဲ့ရပြီး ရှုံးနိမ့်ခဲ့တာဟာ လက်ခံနိုင်စရာမရှိဘူးလို့ ပွဲအပြီးမီဒီယာတွေ့ဆုံမှုမှာ ဆိုခဲ့ပါတယ်။
စပါးအသင်းပရိသတ်တွေဟာ ဒီပွဲစဉ်ရဲ့ပထမပိုင်းမှာ အသင်းကို လှောင်ပြောင်မှုတွေပြုလုပ်ခဲ့ကြတာပါ။ စပါးအသင်းဟာ လာမယ့်ယူရိုပါလိဂ်ဆီမီးဖိုင်နယ်ပွဲစဉ်မတိုင်မီ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် လီဗာပူးလ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။