စပါးအသင်းကို ယူရိုပါလိဂ်ဆီမီးဖိုင်နယ်ပို့ဆောင်ပေးပြီးနောက် ဝေဖန်မှုတွေကို ပိုစတီကိုဂလူးတုံ့ပြန်

ယူရိုပါလိဂ်ကွာတားဖိုင်နယ်(ဒုတိယအကျော့)ပွဲစဉ်မှာ ဖရန့်ဖတ်အသင်းကို (၁-၀)ဂိုးနဲ့ အနိုင်ယူပြီး စပါးအသင်းကို ဆီမီးဖိုင်နယ်ပို့ဆောင်ပေးခဲ့ပြီးနောက် နည်းပြပိုစတီကိုဂလူးက သူ့အပေါ် ဝေဖန်မှုတွေကို ပြန်ပြီးတုံ့ပြန်သွားခဲ့ပါတယ်။
ဒီရာသီမှာ စပါးအသင်းရဲ့ရလဒ်ဆိုးတွေကြောင့် နည်းပြပိုစတီကိုဂလူးဟာ မကြာခဏဆိုသလို ဝေဖန်မှုတွေခံနေရပြီး အသင်းပရိသတ်တွေနဲ့ ထိပ်တိုက်တွေ့ဆုံမှုတွေရှိနေတာဖြစ်ပါတယ်။ ဒါ့အပြင် ပိုစတီကိုဂလူးဟာ စပါးအသင်းနည်းပြရာထူးက ထုတ်ပယ်ခံရမယ့်သတင်းတွေကလည်း ထွက်ပေါ်နေတာပါ။

ပိုစတီကိုဂလူးက "လူတွေက လှောင်ပြောင်ရတာကို နှစ်သက်ပေမယ့် ကျွန်တော်က ဒါကိုဂရုစိုက်မှာမဟုတ်သလို ဒါကကျွန်တော့်ကိုလည်း အနှောက်အယှက်မဖြစ်စေပါဘူး။ ပြီးတော့ ကျွန်တော်လုပ်တဲ့အရာကိုလည်း မထိခိုက်ပါဘူး။ ခင်ဗျားတို့ဟာ ကျွန်တော့်ကို အချိန်အနည်းနည်းကြာအောင် စောင့်ရမှာဖြစ်တာကြောင့် ခင်ဗျားတို့အတွက် ကံမကောင်းဘူး"လို့ မီဒီယာသမားတွေနဲ့ တွေ့ဆုံချိန်မှာ ဆိုခဲ့ပါတယ်။
နည်းပြပိုစတီကိုဂလူးဟာ သူကိုင်တွယ်တဲ့အသင်းတိုင်းမှာ ဒုတိယမြောက်ရာသီရောက်တိုင်း ဆုဖလားတွေရယူပေးနိုင်တာကြောင့် စပါးအသင်းကို ကိုင်တွယ်တဲ့ ဒုတိယမြောက်ရာသီမှာ ဆုဖလားရယူပေးနိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။
စပါးအသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ရလဒ်တွေဆိုးပြီး အမှတ်ပေးဇယားအဆင့်(၁၅)နေရာရပ်တည်နေတာကြောင့် ယူရိုပါလိဂ်ဖလားဟာ လာမယ့်ရာသီသူတို့အတွက် ဥရောပပြိုင်ပွဲယှဉ်ပြိုင်ခွင့်ရမယ့် တစ်ခုတည်းသောမျှော်လင့်ချက်ပါ။ စပါးအသင်းဟာ ယူရိုပါလိဂ်ဆီမီးဖိုင်နယ်အဖြစ် နော်ဝေကလပ် ဘိုဒိုအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။