ဆေးရုံတက်နေရတာကြောင့် မန်ယူနိုက်တက်နဲ့ပွဲကို လွဲချော်မယ့် နယူးကာဆယ်နည်းပြအက်ဒီဟောင်း
နယူးကာဆယ်အသင်းက နည်းပြဖြစ်သူအက်ဒီဟောင်းဟာ ဖျားနာမှုကြောင့် ဆေးရုံတက်နေရတဲ့အတွက် ဒီနေ့ကစားမယ့် မန်ယူနိုက်တက်အသင်းနဲ့ပရီးမီးယားလိဂ်ပွဲစဉ်ကို ကိုင်တွယ်နိုင်မှာမဟုတ်ဘူးလို့အတည်ပြုခဲ့ပါတယ်။
အသက်(၄၇)နှစ်အရွယ်ရှိ နည်းပြအက်ဒီဟောင်းဟာ ရက်အတော်ကြာဖျားနာနေခဲ့တဲ့အတွက် ပြီးခဲ့တဲ့သောကြာနေ့ညနေပိုင်းက ဆေးရုံတက်ခဲ့ရတာပါ။
နယူးကာဆယ်အသင်းက နည်းပြအက်ဒီဟောင်းဟာ သတိရှိပြီး မိသားစုနဲ့စကားပြောဆိုမှုတွေပြုလုပ်နေခဲ့ပေမယ့် ဆေးကုသမှု ဆက်ခံယူနေရတယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
ဒါပေမယ့် နယူးကာဆယ်အသင်းရဲ့ထုတ်ပြန်ချက်ထဲမှာ အက်ဒီဟောင်းရဲ့ကျန်းမာရေးအခြေအနေနဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို ဖော်ပြထားခြင်းတော့မရှိပါဘူး။ မန်ယူနိုက်တက်အသင်းနဲ့ပွဲကို နည်းပြအက်ဒီဟောင်းကိုင်တွယ်နိုင်မှာမဟုတ်လို့ လက်ထောက်နည်းပြတွေဖြစ်တဲ့ တင်ဒဲလ်နဲ့ ဂရေမီဂျုံးစ်တို့က နယူးကာဆယ်အသင်းကို ဦးဆောင်ကိုင်တွယ်သွားမှာပါ။
နည်းပြအက်ဒီဟောင်းဟာ ပြီးခဲ့တဲ့ကာရာဘောင်းလိဂ်ဖလားဗိုလ်လုပွဲမှာ လီဗာပူးလ်အသင်းကို အနိုင်ရရှိအောင် လမ်းညွှန်ပေးခဲ့ပြီး နှစ်ပေါင်း(၇၀)အကြာမှာ နယူးကာဆယ်အသင်းကို ပထမဆုံးပြည်တွင်းဖလားရရှိအောင် ကိုင်တွယ်ပေးနိုင်ခဲ့ပါတယ်။
နယူးကာဆယ်အသင်းဟာ လက်ရှိအချိန်မှာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့်(၇)နေရာမှာ ရပ်တည်နေပေမယ့် ကစားဖို့ကျန်ရှိနေတဲ့ လက်ကျန်(၂)ပွဲလုံးအနိုင်ရခဲ့ရင် အဆင့်(၃)နေရာအထိ တက်နိုင်မယ့်အခွင့်အရေးရှိနေတာပါ။
အက်ဒီဟောင်းဟာ နယူးကာဆယ်အသင်းကို ၂၀၂၁ ခုနှစ်၊နိုဝင်ဘာမှာစတင်ကိုင်တွယ်ခဲ့ပြီး အခုအချိန်ထိ ပြိုင်ပွဲစုံ(၁၆၅)ပွဲကိုင်တွယ်ထားရာမှာ (၈၄)ပွဲအနိုင်ရပြီး၊(၃၆)ပွဲသရေနဲ့ (၄၅)ပွဲရှုံးနိမ့်ထားပါတယ်။