ဆေးကျပေမယ့် ပွဲပယ်မခံရဘဲ ကစားခွင့်ဆက်ရနေတဲ့ ကစားသမား(၉)ဦး
ပြီးခဲ့တဲ့(၃)နှစ်အတွင်း ဗြိတိန်တားမြစ်ဆေးဆန့်ကျင်ရေး အေဂျင်စီ(UK Anti-Doping/UKAD)က တားမြစ်ဆေးစစ်ဆေးရာမှာ ဆေးကျခဲ့ပေမယ့် အကြောင်းကြောင်းကြောင့် ပွဲပယ်ပြစ်ဒဏ်ချ အရေးယူတာတွေ မပြုလုပ်ဘဲ ပုံမှန်အတိုင်း ဘောလုံးကစားခွင့်ဆက်ပေးထားတဲ့ ဘောလုံးသမား (၉)ဦးအထိ အင်္ဂလန်နိုင်ငံမှာ ရှိနေကြောင်း သိရပါတယ်။
၂၀၂၂ ခုနှစ်က စတင်ပြီး UKAD က အင်္ဂလန်နိုင်ငံတစ်ဝန်းက ဘောလုံးပွဲတွေမှာ ကစားသမားတွေကို တားမြစ်ဆေးဝါးသုံးစွဲခြင်းရှိမရှိ စစ်ဆေးခဲ့ရာမှာ ဆေးကျခဲ့တဲ့ကစားသမားတွေရှိခဲ့ကြပြီး ဒီအထဲက ပရီးမီးယားလိဂ်ကစားသမား(၂)ဦးအပါအဝင် ကစားသမား(၉)ဦးကို ဘောလုံးဆက်ကစားခွင့်ပေးထားတာဖြစ်ပါတယ်။
ဒီလို ဘောလုံးဆက်ကစားခွင့်ပေးထားရတဲ့အကြောင်းအရင်းက ဒီကစားသမားတွေအနေနဲ့ တားမြစ်ဆေးကို ရည်ရွယ်ချက်ရှိရှိသုံးစွဲတာမဟုတ်ဘဲ ခွင့်ပြုထားတဲ့အစားအစာ၊ ဆေးဝါးအစရှိတာတွေကနေ တစ်ဆင့်ပါဝင်သွားခဲ့တယ်လို့ ယုံကြည်ယူဆတာကြောင့် ဖြစ်ပါတယ်။
ဒီကစားသမားတွေတားမြစ်ဆေးကျတဲ့ပုံစံက ၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှာ တားမြစ်ဆေးကျလို့ ကစားခွင့်ရပ်ဆိုင်းခံထားရတဲ့ ချယ်လ်ဆီးတိုက်စစ်မှူး မူဒရစ်ရဲ့ဖြစ်ရပ်နဲ့ ကွာခြားတယ်လို့လည်း UKAD က ဆိုပါတယ်။
ဒီကစားသမားတွေအနေနဲ့ တားမြစ်ဆေးစစ်ဆေးမှုတွေမှာ သုံးစွဲခွင့်မပြုဘဲ တားမြစ်ထားတဲ့ Tamoxifen ၊ Triamcinolone နဲ့ Amphetamine ဆေးဝါးတွေကို သုံးစွဲမိခဲ့ကြတာဖြစ်ပါတယ်။
Triamcinolone က အင်အားသုံးရခြင်းမရှိဘဲ ခန္ဓာကိုယ်အလေးချိန်လျော့ကျအောင် အထောက်အကူပြုတဲ့ ဆေးဖြစ်ပြီး၊ Tamoxifen က ခန္ဓာကိုယ်အတွင်း ကြွက်သားတွေကို ကြီးထွားစေတဲ့ဆေးဖြစ်ပါတယ်။ Amphetamine ကတော့ ခန္ဓာကိုယ်တွင်း စွမ်းအင်ကို မြှင့်တင်တဲ့ဆေးဖြစ်ပါတယ်။
UKAD က ကစားသမားတွေအနေနဲ့ ဆေးကျတာနဲ့ တားမြစ်ဆေးပြစ်ဒဏ်တွေကို အလိုအလျောက်ကျခံရတာမဟုတ်ကြောင်း၊ Therapeutic Use Exemption (TUE)လို့ခေါ်တဲ့ ခြွင်းချက်ပေးထားတဲ့ တစ်ဆင့်ခံသုံးစွဲမိခြင်းဆိုတဲ့ သတ်မှတ်ချက်ကို ခံစားခွင့်အခွင့်အရေးရှိကြောင်း ပြောကြားခဲ့ပါတယ်။
စစ်တမ်းတွေအရ ပြီးခဲ့တဲ့ရာသီအတွင်း အင်္ဂလန်နိုင်ငံက ကစားသမား(၈၀)ခန့်ဟာ သူတို့ရဲ့လူနေမှုဘ၀ကို အထောက်အကူဖြစ်စေဖို့အတွက် အိပ်ဆေးတွေ၊ အရက်တွေ၊ ကိုကင်းဆေးတွေ၊ နိုက်ထရပ်စ်အောက်ဆိုက်ဒ်တွေကို သုံးစွဲခဲ့ကြပြီး တချို့က တားမြစ်ဆေးတွေပါဝင်တဲ့ဆေးဝါးတွေကို သုံးစွဲတာ ပုံမှန်အကျင့်တစ်ခုလို ဖြစ်နေတယ်လို့ ဆိုပါတယ်။