ဆာလာက လိဂ်အတွက်အနာဂတ်ပစ်မှတ်အဖြစ် ဆက်ရှိနေမယ်လို့ ဆော်ဒီအားကစားဝန်ကြီးအရိပ်အမြွက်ဆို

ဆော်ဒီအားကစားဝန်ကြီးဖြစ်တဲ့ မင်းသားအယ်လ်ဖိုင်ဆဲလ်က အီဂျစ်တောင်ပံကစားသမား ဆာလာဟာ ဆော်ဒီပရိုလိဂ်အတွက် အနာဂတ်ပစ်မှတ်အဖြစ်ဆက်ရှိနေမယ်လို့ အရိပ်အမြွက်ဆိုခဲ့ပါတယ်။ အသက်(၃၂)နှစ်အရွယ်ရှိ ဆာလာဟာ မကြာသေးခင်ရက်သတ္တပတ်ကမှ လီဗာပူးလ်အသင်းနဲ့ (၂)နှစ်သက်တမ်းတိုးစာချုပ်ချုပ်ဆိုထားတာပါ။
ဆော်ဒီပရိုလိဂ်ဟာ ဆာလာကို ခေါ်ယူဖို့ ကာလရှည်ကြာပစ်မှတ်ထားခဲ့ပြီး ၂၀၂၃ ခုနှစ်က အယ်လ်အစ်တီဟတ်အသင်းရဲ့ပေါင်သန်း(၁၅၀)နဲ့ ကမ်းလှမ်းမှုကို လီဗာပူးလ်အသင်းက ပယ်ချခဲ့တာဖြစ်ပါတယ်။ ဆာလာဟာ လီဗာပူးလ်းအသင်းနဲ့ စာချုပ်သက်တမ်းမတိုးမီမှာ အနာဂတ်မရေမရာဖြစ်ခဲ့ပြီး ဆော်ဒီပရိုလိဂ်ဟာ သူ့ကိုစောင့်ကြည့်မှုတွေပြုလုပ်နေခဲ့တာပါ။ ဒါပေမယ့် ဆာလာဟာ လီဗာပူးလ်အသင်းနဲ့ ၂၀၂၇ ခုနှစ်နွေရာသီအထိ စာချုပ်သက်တမ်းတိုးခဲ့တာကြောင့် ဆော်ဒီပရိုလိဂ်ဟာ သူတို့ရဲ့မျှော်လင့်ချက်ထိခိုက်ခဲ့ပေမယ့် အနာဂတ်ပစ်မှတ်အဖြစ်ဆက်ပြီးထားရှိထားတာပါ။
အယ်လ်ဖိုင်ဆဲလ်က "ဆာလာက စူပါစတားဖြစ်ပြီး ဆော်ဒီပရိုလိဂ်မှာကစားဖို့ ကိုက်ညီမှုရှိပါတယ်။ သက်တမ်းတိုးတာက သူ့ရဲ့ဆုံးဖြတ်ချက်ပါ။ ဒါပေမယ့် ဆော်ဒီကို သူနဲ့ ချိတ်ဆက်ပြီး အရာအားလုံးပြုလုပ်ခဲ့ကြပါတယ်။ ဆွေးနွေးတာမျိုးမရှိခဲ့ပေမယ့် အဲ့ဒါကရှိဖို့ကောင်းပါတယ်"လို့ ဆော်ဒီ Grand Prix မတိုင်မီဆိုခဲ့ပါတယ်။
ဆာလာဟာ ဒီရာသီမှာ လီဗာပူးလ်အသင်းအတွက် ခြေစွမ်းပြနေပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ (၂၇)ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု(၁၈)ကြိမ်ပြုလုပ်ထားပါတယ်။ လီဗာပူးလ်အသင်းဟာ လာမယ့်စပါးအသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ နိုင်ပွဲရယူနိုင်ခဲ့ရင် အမှတ်ပေးချန်ပီယံအဖြစ် အောင်ပွဲခံနိုင်မှာဖြစ်ပါတယ်။