ဆာလာ ရမှတ်အများဆုံးနဲ့ ဦးဆောင်နေတဲ့ ဥရောပဂိုးသွင်းအများဆုံး ရွှေဖိနပ်ဆု

ဥရောပဘောလုံးရာသီက တဖြည်းဖြည်းကုန်ဆုံးဖို့ နီးကပ်လာချိန်မှာ ဘယ်ကစားသမားက ဥရောပဂိုးသွင်းအများဆုံးရွှေဖိနပ်ဆုကို ရယူဆွတ်ခူးနိုင်မလဲဆိုတာ စိတ်ဝင်စားစရာဖြစ်လာပါတယ်။

လက်ရှိ ဥရောပဂိုးသွင်းအများဆုံးရွှေဖိနပ်ဆုအတွက် အမှတ်ပေးဇယားမှာ လီဗာပူးလ်အသင်းရဲ့ အီဂျစ်တိုက်စစ်မှူးဆာလာက ရမှတ်အများဆုံးနဲ့ ထိပ်ဆုံးကဦးဆောင်နေပါတယ်။ ပရီးမီးယားလိဂ်မှာ (၂၇)ဂိုးသွင်းထားတဲ့ဆာလာဟာ ရမှတ်(၅၄)မှတ်နဲ့ ထိပ်ဆုံးကဦးဆောင်နေတာဖြစ်ပါတယ်။

ပေါ်တူဂီလိဂ်မှာ (၃၄)ဂိုးသွင်းထားတဲ့ စပို့တင်းလစ္စဘွန်းတိုက်စစ်မှူးယောကရက်စ်က ရမှတ်(၅၁)မှတ်နဲ့ ဒုတိယနေရာမှာ ရှိနေပါတယ်။ ပေါ်တူဂီလိဂ်က ဥရောပမှာ ဒုတိယတန်းစားလိဂ်အဖြစ်သာ သတ်မှတ်ခံရတာကြောင့် ဥရောပထိပ်တန်းလိဂ်ပြိုင်ပွဲ(၅)ခုလို တစ်ဂိုးကို ရမှတ်(၂)မှတ်မပေးဘဲ တစ်ဂိုး (၁.၅) မှတ်သာပေးတာဖြစ်ပါတယ်။

ဒါကြောင့် ယောကရက်စ်အနေနဲ့ ဆာလာထက် ဂိုး(၁၀)ဂိုးပိုသွင်းထားပေမယ့် ရမှတ်ရရှိမှုမှာတော့ ဆာလာထက် (၃)မှတ်နည်းနေတာဖြစ်ပါတယ်။

ဘာစီလိုနာတိုက်စစ်မှူးလီဝန်ဒေါစကီးက လာလီဂါပြိုင်ပွဲမှာ သွင်းဂိုး(၂၅)ဂိုးသွင်းယူထားတာကြောင့် ရမှတ်(၅၀)မှတ်နဲ့ တတိယနေရာ၊ ဘိုင်ယန်မြူးနစ်တိုက်စစ်မှူးဟာရီကိန်းက ဘွန်ဒစ်လီဂါပြိုင်ပွဲမှာ သွင်းဂိုး(၂၄)ဂိုး သွင်းယူထားတာကြောင့် ရမှတ်(၄၈)မှတ်နဲ့ စတုတ္ထနေရာတွေမှာ အသီးသီးရပ်တည်နေကြပါတယ်။

ဆာလာအနေနဲ့ ဥရောပဂိုးသွင်းအများဆုံးရွှေဖိနပ်ဆုကို တစ်ကြိမ်တစ်ခါမှ မဆွတ်ခူးဖူးသေးဘဲ တကယ်လို့ ဒီနှစ်မှာ ဒီဆုကို ရရှိခဲ့ရင် အာဖရိကကစားသမားတွေထဲက ပထမဆုံးဆွတ်ခူးနိုင်သူအဖြစ် မှတ်တမ်းဝင်မှာဖြစ်ပါတယ်။

ပြင်သစ်လို Soulier d'Or ဆုလို့ အမည်ရပြီး European Golden Shoe ဒါမှမဟုတ် European Golden Boot လို့ အမည်ရတဲ့ ဒီဆုကို ၁၉၆၇ ခုနှစ်ကတည်းက ပြင်သစ်သတင်းစာ L'Equipe က ကြီးမှူးရွေးချယ်ချီးမြှင့်ခဲ့တာဖြစ်ပါတယ်။ နောက်ပိုင်းမှာ
ဥရောပအားကစားမီဒီယာကြီး(၉)ခုနဲ့ ဖွဲ့စည်းထားတဲ့ European Sports Media (ESM) က ဒီဆုကို တာဝန်ယူချီးမြှင့်ခဲ့တာကြောင့် ESM ဆု လို့လည်း လူသိများပါတယ်။

မူလက ဥရောပဘောလုံးလိဂ်ပြိုင်ပွဲတွေမှာ ဂိုးအများဆုံးသွင်းတဲ့သူကို ချီးမြှင့်ခဲ့ပေမယ့် ၁၉၉၇ ခုနှစ်ကစပြီး ဥရောပလိဂ်ပြိုင်ပွဲအဆင့်အလိုက် သွင်းဂိုးတွေကို မတူညီတဲ့ရမှတ်တွေနဲ့ မြှောက်ပြီးမှ ရမှတ်ပေးဆုံးဖြတ်တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီက ဒီဆုကို ဘိုင်ယန်မြူးနစ်တိုက်စစ်မှူးဟာရီကိန်းက လိဂ်သွင်းဂိုး(၃၆)ဂိုး ရမှတ်(၇၂)မှတ်နဲ့ ဆွတ်ခူးခဲ့ပါတယ်။