ဘောလုံးပိုင်ဆိုင်မှုက အရေးမကြီးကြောင်း သက်သေပြနေတဲ့ နော်တင်ဂမ်ဖောရက်စ်
ဘောလုံးပွဲတစ်ပွဲမှာ အနိုင်အရှုံးကို အဓိကအဆုံးအဖြတ်ပေးတဲ့အရာက ဂိုးအနည်းအများသာဖြစ်ပြီး တခြားအချက်အလက်တွေက ဂိုးတွေလောက်အရေးမပါတာကို ဘောလုံးနဲ့ ပတ်သက်သူတိုင်းနားလည်ကြပါတယ်။
နော်တင်ဂမ်ဖောရက်စ်အသင်းကတော့ ဒီရာသီ သူတို့ရဲ့အမြင့်ပျံခရီးမှာ ဘောလုံးပိုင်ဆိုင်မှု(Ball Possession)က လုံး၀အရေးမပါဘူးဆိုတာကို ကိန်းဂဏန်းအချက်အလက်တွေနဲ့ သက်သေပြနေပါတယ်။
ဒီရာသီ ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ အဆင့်(၃၊ ၄)နေရာတွေမှာ ရပ်တည်ပြီး အသင်းကြီးအတော်များများကို အနိုင်ယူခဲ့တဲ့ နော်တင်ဂမ်ဖောရက်စ်အသင်းက အံအားသင့်စရာကောင်းလောက်အောင် ပရီးမီးယားလိဂ်ပြိုင်ပွဲဝင်အသင်း(၂၀)ထဲမှာ ဘောလုံးပိုင်ဆိုင်မှု(Ball Possession)ရာခိုင်နှုန်းအနည်းဆုံးအသင်းအဖြစ် မှတ်တမ်းဝင်နေပါတယ်။
ပရီးမီးယားလိဂ်အသင်းတွေရဲ့ ဒီရာသီကစားခဲ့သမျှလိဂ်ပွဲတွေက ဘောလုံးပိုင်ဆိုင်မှုရာခိုင်နှုန်းတွေကို စုပေါင်းပြီး တစ်ပွဲပျမ်းမျှဘောလုံးပိုင်ဆိုင်မှုရာခိုင်နှုန်းကို တွက်ချက်တဲ့အခါ နည်းပြဂွါဒီယိုလာရဲ့မန်စီးတီးအသင်းက ထိပ်ဆုံးမှာ (၆၁.%)နဲ့ ရပ်တည်ခဲ့ပါတယ်။
ပရီးမီးယားလိဂ်ကြီး(၆)ကြီးစာရင်းဝင်အသင်းအားလုံးထိပ်ဆုံးမှာ ဦးဆောင်နိုင်ခဲ့ကြပြီး မန်စီးတီးနောက်မှာ ချယ်လ်ဆီးက တစ်ပွဲပျမ်းမျှဘောလုံးပိုင်ဆိုင်မှု(၅၈.၄%)၊ လီဗာပူးလ်က(၅၇.၈%)၊ စပါးက(၅၇%)၊ အာဆင်နယ်က(၅၇%)၊ မန်ယူနိုက်တက်က(၅၃%)အသီးသီးရှိခဲ့ကြပါတယ်။
ထူးခြားတာကတော့ အသင်းကြီးတချို့ကို ကျော်ဖြတ်ပြီး အဆင့်(၃၊ ၄)နေရာတွေမှာ ရပ်တည်ခဲ့တဲ့ နည်းပြနူနိုဆန်တိုရဲ့နော်တင်ဂမ်ဖောရက်စ်အသင်းက တစ်ပွဲပျမ်းမျှဘောလုံးပိုင်ဆိုင်မှု(၃၉.၃%)သာရှိပြီး ဇယားအောက်ဆုံးအဆင့်(၂၀)မှာ ရပ်တည်ခဲ့တာပါ။ တစ်ပွဲပျမ်းမျှဘောလုံးပိုင်ဆိုင်မှုအနည်းဆုံးအသင်းတွေထဲမှာ လက်စတာ၊ ခရစ္စတယ်ပဲလေ့စ်၊ အစ်ဝစ်ချ်၊ အဲဗာတန်အစရှိတဲ့ ပရီးမီးယားလိဂ်အမှတ်ပေးဇယားအောက်ပိုင်း(Bottom Half)က အသင်းတွေပါဝင်ခဲ့တာ မထူးဆန်းပေမယ့် ဒီရာသီမှာ ခြေစွမ်းထက်နေတဲ့ နော်တင်ဂမ်ဖောရက်စ်အသင်းပါဝင်ခဲ့ရုံမက အောက်ဆုံးမှာ ရပ်တည်ခဲ့တာကတော့ ထူးခြားနေပါတယ်။
ဖောရက်စ်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ တစ်ပွဲပျမ်းမျှမှန်ကန်တဲ့ဘောလုံးပေးပို့မှုရာခိုင်နှုန်းမှာလည်း (၇၈%)သာရှိပြီး အောက်ဆုံး (၃)သင်းစာရင်းဝင်ခဲ့ပါတယ်။ ဒါ့အပြင် တစ်ပွဲပျမ်းမျှဂိုးပေါက်ကန်သွင်းမှုမှာလည်း ဖောရက်စ်အသင်းက (၁၂.၂)ကြိမ်သာရှိပြီး အဆင့်(၁၄)မှာသာရှိခဲ့တာပါ။ တစ်ပွဲပျမ်းမျှဂိုးပေါက်တည့်မှုမှာလည်း(၄.၄)ကြိမ်သာရှိပြီး အဆင့်(၁၄)မှာသာရှိခဲ့ပါတယ်။
ဒီလို ဘောလုံးပိုင်ဆိုင်မှုအပြင် အခြားစွမ်းဆောင်ရည်အချက်အလက်တွေမှာ အားရစရာမရှိပေမယ့် ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ထိပ်ပိုင်းကို ရောက်အောင် ဖောရက်စ်အသင်ပျံသန်းပြနေတာကတော့ အံအားသင့်စရာကောင်းတယ်လို့ ဆိုရမှာပါပဲ ...