အသင်း(၃)သင်းနဲ့ (၃)ကြိမ်တိုင်တန်းဆင်းခဲ့ဖူးတဲ့ ရမ်စ်ဒေးလ်ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေတဲ့ မန်ယူနိုက်တက်
မန်ယူနိုက်တက်အသင်းဟာ အသင်းကဂိုးသမားတွေရဲ့အလွဲအမှားတွေကြောင့် ဂိုးသမားသစ်တစ်ဦးကို ခေါ်ယူဖို့ပစ်မှတ်ထားနေကြောင်း သိရပါတယ်။
မန်ယူနိုက်တက်အသင်း ပစ်မှတ်ထားနေတဲ့ဂိုးသမားက အသင်း(၃)သင်းနဲ့ (၃)ကြိမ်တိုင်တန်းဆင်းခဲ့ဖူးတဲ့အာဆင်နယ်ဂိုးသမားဟောင်း အာရွန်ရမ်စ်ဒေးလ်ဖြစ်ပါတယ်။
ရမ်စ်ဒေးလ်ဟာ လက်ရှိဆောက်သမ်တန်အသင်းမှာ ကစားနေသူဖြစ်ပြီး သူ့ရဲ့ဆောက်သမ်တန်အသင်းက ရာသီကုန်မှာ တန်းဆင်းတော့မှာဖြစ်ပါတယ်။
ရမ်စ်ဒေးလ်ဟာ ဘုန်းမောက်အသင်းမှာ ၂၀၁၇ ခုနှစ်ကနေ ၂၀၂၀ ခုနှစ်အထိကစားခဲ့ဖူးပြီး ၂၀၁၉-၂၀ ရာသီမှာ ဘုန်းမောက်အသင်းနဲ့အတူ တန်းဆင်းခဲ့ဖူးပါတယ်။ သူ့အနေနဲ့ (၃)နှစ်ကြာကစားခဲ့တဲ့ ဘုန်းမောက်အသင်းကို စွန့်ခွာပြီး ငယ်ဘ၀အသင်းဟောင်း ရှက်ဖီးယူနိုက်တက်အသင်းကို ပြောင်းရွှေ့ကစားခဲ့ပါတယ်။

ရှက်ဖီးယူနိုက်တက်အသင်းနဲ့အတူ ပရီးမီးယားလိဂ်မှာ တစ်ရာသီသာ ဖြတ်သန်းခဲ့ရပြီး ၂၀၂၀-၂၁ ရာသီကုန်မှာ သူ့အသင်း ရှက်ဖီးယူနိုက်တက်အသင်းက တန်းဆင်းခဲ့ရတာကြောင့် ဒီအသင်းကို စွန့်ခွာခဲ့ပြန်ပါတယ်။
၂၀၂၁ မှာ အာဆင်နယ်ကို ရောက်လာတဲ့ရမ်စ်ဒေးလ်ဟာ ပြီးခဲ့တဲ့ရာသီအတွင်း ပုံံမှန်နေရာမရတော့တာကြောင့် ပြီးခဲ့တဲ့နှစ် နွေရာသီမှာ ဆောက်သမ်တန်အသင်းကို (၄)နှစ်စာချုပ်နဲ့ အပြီးသတ်ပြောင်းရွှေ့ခဲ့ပါတယ်။ အခု ဆောက်သမ်တန်အသင်းကို ရောက်လာပြီး ပထမဆုံးရာသီမှာပဲ ဒီအသင်းနဲ့အတူ တန်းဆင်းရတော့မှာဖြစ်ပါတယ်။
ဘုန်းမောက်၊ ရှက်ဖီးယူနိုက်တက်အသင်းတွေမှာ အသင်းတန်းဆင်းတာနဲ့ ချန်ပီယံရှစ်ပြိုင်ပွဲကို လိုက်ပါမသွားဘဲ အသင်းကနေ ချက်ချင်းထွက်ခွာခဲ့တဲ့ ရမ်စ်ဒေးလ်အနေနဲ့ ဒီနွေရာသီမှာ ဆောက်သမ်တန်အသင်းကို စွန့်ခွာဖို့ စီစဉ်နေတယ်လို့ သတင်းတွေထွက်နေပါတယ်။
မန်ယူနိုက်တက်အသင်းမှာ ကင်မရွန်းဂိုးသမားအိုနာနာက ပြီးခဲ့တဲ့ လိုင်ယွန်နဲ့ကစားခဲ့တဲ့ ယူရိုပါလိဂ်ကွာတားဖိုင်နယ်ပထမအကျော့ပွဲမှာ အမှားအယွင်းတွေပြုလုပ်လို့ ဂိုးတွေပေးခဲ့ရပါတယ်။

ဒါကြောင့် မန်ယူနိုက်တက်အသင်းနည်းပြအာမိုရင်ဟာ အိုနာနာကို နယူးကာဆယ်အသင်းနဲ့ပွဲမှာ လူစာရင်းကနေ ချန်လှပ်ခဲ့ပြီး ဒုတိယဂိုးသမားဖြစ်တဲ့ တူရကီဂိုးသမား ဘယင်ဒါကို ပွဲထွက်လူစာရင်းထဲ ထည့်သွင်းအသုံးပြုသွားခဲ့ပါတယ်။
ဒါပေမယ့် ဘယင်ဒါကလည်း နယူးကာဆယ်အသင်းနဲ့ပွဲမှာ အမှားအယွင်းပြုလုပ်ခဲ့ပြီး သူ့ရဲ့အမှားအယွင်းကြောင့် နယူးကာဆယ်အသင်းရဲ့စတုတ္ထဂိုးကို ခွင့်ပြုခဲ့ရပါတယ်။
အဲ့ဒါကြောင့် မန်ယူနိုက်တက်အသင်းဟာ ဂိုးသမားအခက်အခဲကို အံ့အားသင့်ဖွယ်ဖြေရှင်းမှုအဖြစ် ဆောက်သမ်တန်အသင်းဂိုးသမား ရမ်စဒေးလ်ကို စိတ်ဝင်စားနေတယ်လို့ The Sun က ဖော်ပြထားပါတယ်။
လာမယ့်နွေရာသီမှာ ဂိုးသမားသစ်ခေါ်ယူမှုဟာ မန်ယူနိုက်တက်အသင်းအတွက် အရေးပါတဲ့အရာဖြစ်လာပေမယ့် ရမ်စဒေးလ်ကိုခေါ်ယူဖို့ဆိုရင် ဝက်စ်ဟမ်းအသင်းနဲ့ ယှဉ်ပြိုင်ရဖွယ်ရှိနေတာပါ။
ရမ်စဒေးလ်ကလည်း နည်းပြတူချယ်လ်လက်ထက် အင်္ဂလန်အသင်းလူစာရင်းမှာ ဆက်ပြီးပါဝင်ခွင့်ရရှိချင်တာကြောင့် ဆောက်သမ်တန်အသင်းက ထွက်ခွာခဲ့ရင် ထိပ်တန်းအသင်းမှာ ကစားခွင့်ရဖို့ မျှော်လင့်နေပါတယ်။
ပြီးခဲ့တဲ့(၆)ရာသီအတွင်း အသင်း(၃)သင်းနဲ့အတူတန်းဆင်းခဲ့ဖူးတဲ့ ရမ်စ်ဒေးလ်က လာမယ့်ရာသီမှာ မန်ယူနိုက်တက်အသင်းကိုရောက်ရှိလာပြီး အောင်မြင်မှုတွေ ပြန်ရအောင် ကူညီပေးနိုင်မလား ... ဘုန်းမောက်၊ ရှက်ဖီးယူနိုက်တက်၊ ဆောက်သမ်တန်အသင်းတွေကိုတန်းဆင်းကံကြမ္မာ ကူးစက်စေခဲ့သလို မန်ယူနိုက်တက်အသင်းဆီကို ဒီကံကြမ္မာကူးစက်စေမလားဆိုတာကတော့ ...