အင်တာမီလန်နဲ့ပွဲမှာ ဘောကောက်ကလေးကို စတန်နီဆစ် ကြမ်းတမ်းစွာတွန်းချခဲ့

မနေ့က ချန်ပီယံလိဂ်ကွာတားဖိုင်နယ်(ဒုတိယအကျော့)ပွဲစဉ် အင်တာမီလန်(၂-၂)ဘိုင်ယန်မြူးနစ်ပွဲမှာ ဘိုင်ယန်မြူးနစ်နောက်ခံလူ စတန်နီဆစ်ဟာ ဘောကောက်ကလေးကို သူထိုင်နေတဲ့ ထိုင်ခုံပေါ်ကနေ အောက်ကိုပြုတ်ကျအောင် ကြမ်းတမ်းစွာတွန်းချခဲ့ပါတယ်။

စတန်နီဆစ်ဟာ ဒီဖြစ်ရပ်မှာအဝါကတ်တောင် ပြသခံရခြင်းမရှိတာဟာ ကံကောင်းခဲ့တာဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်ညာနောက်ခံလူ စတန်နီဆစ်ဟာ ဘောကောက်ကလေးက အင်တာမီလန်အသင်းအသာစီးရနိုင်ဖို့အတွက် အချိန်ဆွဲနေတယ်လို့ယူဆပြီး သူထိုင်နေတဲ့ထိုင်ခုံပေါ်ကနေ ပြုတ်ကျအောင် ကြမ်းတမ်းစွာတွန်းချခဲ့တာပါ။




ဒီပွဲကို ကြည့်ရှုနေတဲ့ပရိသတ်အများအပြားက စတန်နီဆစ်ကို ကွင်းလယ်ဒိုင်လူကြီးက အရေးယူသင့်တယ်လို့ခံစားခဲ့ရပေမယ့် ဘယ်လိုအရေးယူမှုမှမခံရဘဲ ပွဲချိန်ပြည့်အထိ ကွင်းထဲမှာ ရှိနေခဲ့တာဖြစ်ပါတယ်။

စတန်နီဆစ်က ပရော်ဖက်ရှင်နယ်မဆန်တဲ့ သူ့ရဲ့တုံ့ပြန်မှုအတွက် အနည်းငယ်ရူးမိုက်ခဲ့တယ်လို့ ပွဲအပြီးမှာ ဝန်ခံခဲ့ပါတယ်။


ဘိုင်ယန်မြူးနစ်အသင်းနည်းပြကွန်ပနီက အဓိက ကစားသမားအများအပြားမပါဝင်နိုင်ခဲ့တာက ချန်ပီယံလိဂ်ပြိုင်ပွဲက ထွက်ခွာခဲ့ရတဲ့ သူတို့ရဲ့အဓိကအချက်ဖြစ်တယ်လို့ပွဲအပြီးမီဒီယာတွေ့ဆုံမှုမှာ ဆိုခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းဟာ အဓိက ကစားသမားတွေဖြစ်တဲ့ နော်ယာ၊ အူပါမီကာနို၊ မူစီယာလာ၊ ကိုးမန်းနဲ့ ပါဗလိုဗစ်တို့ကို ဒဏ်ရာကြောင့် အနားပေးထားရတာပါ။

ဘိုင်ယန်မြူးနစ်အသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲက ထွက်ခွာခဲ့ရတာကြောင့် ဘွန်ဒစ်လီဂါပြိုင်ပွဲမှာ ချန်ပီယံဆုရယူနိုင်ဖို့ ပိုအာရုံစိုက်လို့ရသွားပြီဖြစ်ပြီး အသင်းဟာ လက်ကျန်ပွဲ (၅)ပွဲသာ ကျန်ရှိတော့ချိန်မှာ အမှတ်ပေးဇယားအဆင့်(၂)နေရာက လေဗာကူဆင်အသင်းကို (၆)မှတ်အသာနဲ့ အဆင့်(၁)နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။