အင်္ဂလန်လိဂ်ပြိုင်ပွဲ(၂)ခုမှာ ဂိုးဖန်တီးမှုအစွမ်းပြနေတဲ့ မာဖီ အမြွှာညီအစ်ကို(၂)ဦး
အင်္ဂလန်ဘောလုံးလောကမှာ အမြွှာညီအစ်ကိုတွေ ဘောလုံးကစားတာ ပရိသတ်တွေ မြင်တွေ့ဖူးပါလိမ့်မယ်။ စတီဗင်ဆီဆက်ညွန်နဲ့ ရိုင်ယန်ဆီဆက်ညွန်အမြွှာညီအစ်ကို(၂)ဦးဆိုရင် ဖူလ်ဟမ်အသင်းမှာ တစ်သင်းတည်းအတူ (၁၀)နှစ်လောက်ကစားခဲ့ဖူးပါတယ်။ အခုတော့ စတီဗင်က လိဂ်ဝမ်းကလပ် ဝီဂန်အသင်းမှာကစားနေပြီး ရိုင်ယန်က ဖူလ်ဟမ်မှာ ဆက်ရှိနေပါတယ်။
သူတို့နှစ်ဦးလို အင်္ဂလန်ဘောလုံးလောကမှာ လက်ရှိကစားနေတဲ့ အမြွှာညီအစ်ကို(၂)ဦးက ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ကစားနေတဲ့ နယူးကာဆယ်တောင်ပံကစားသမား ဂျက်ကော့ဘ်မာဖီနဲ့ ချန်ပီယံရှစ် ပြိုင်ပွဲမှာ ကစားနေတဲ့ ပို့စ်မောက်အသင်းတောင်ပံကစားသမား ဂျို့ရှ်မာဖီတို့ဖြစ်ပါတယ်။

ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဂျက်ကော့ဘ်မာဖီက ဂိုးဖန်တီးမှု(၁၁)ဂိုးရှိနေပြီး ဂိုးဖန်တီးမှုအများဆုံးကစားသမားစာရင်းမှာ လီဗာပူးလ်တိုက်စစ်မှူးဆာလာ(၁၈ ဂိုး)ရဲ့နောက် ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။
ဂျက်ကော့ဘ်မာဖီလို တောင်ပံကစားသမားတစ်ဦးပဲဖြစ်တဲ့ ဂျို့ရှ်မာဖီကလည်း ဒီရာသီ ပို့စ်မောက်အသင်းမှာ ဂိုးဖန်တီးမှု(၁၃)ဂိုးပြုလုပ်ထားပြီး ဒီရာသီချန်ပီယံရှစ်ပြိုင်ပွဲရဲ့ ဂိုးဖန်တီးမှုအများဆုံးကစားသမားအဖြစ် ဦးဆောင်နေပါတယ်။

ဒါကြောင့် မာဖီအမြွှာညီအစ်ကိုနှစ်ဦးကို ဆိုရှယ်မီဒီယာမှာ Assist Kings ၊ Twin of the Assist အစရှိသဖြင့် ချီးကျူးရေးသားဖော်ပြနေကြပါတယ်။
နိုင်ဂျီးရီးယားလူမျိုးဖခင်ဖြစ်သူနဲ့ အိုင်ယာလန်လူမျိုးမိခင်ဖြစ်သူတို့က အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့က ဝင်ဘလေကွင်းအနီးမှာ မွေးဖွားခဲ့တဲ့ မာဖီအမြွှာညီအစ်ကိုဟာ အခုအချိန်မှာ အသက်(၃၀)နှစ်အရွယ်ကို ရောက်ရှိနေကြပြီး လက်ရွေးစင်အသင်းအတွက် ကစားခွင့်မရသေးသူတွေလည်းဖြစ်ပါတယ်။
အင်္ဂလန်ယူ-၁၇၊ ယူ-၁၈၊ ယူ-၁၉ အစရှိတဲ့ လူငယ်အသင်းတွေမှာ ကစားခဲ့ဖူးတဲ့ မာဖီအမြွှာညီအစ်ကိုနှစ်ဦးအနေနဲ့ ဒီရာသီပြသနေတဲ့ခြေစွမ်းအရ အင်္ဂလန်လက်ရွေးစင်အသင်းမှာ အရွယ်လွန်မှ ရွေးချယ်ခံရမလားဆိုတာ ကြည့်ရမှာပါ ..