အန်ဆယ်လော့တီရဲ့အနာဂတ်လှုပ်ခတ်မှုကြောင့် ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် နည်းပြ(၃)ဦးကို ရီးရဲလ်စဉ်းစား
ရီးရဲလ်မက်ဒရစ်အသင်းဟာ အီတလီလူမျိုးနည်းပြအန်ဆယ်လော့တီရဲ့အနာဂတ်မရေမရာဖြစ်နေတာကြောင့် နွေရာသီမှာကျင်းပမယ့် ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို ဦးဆောင်ကိုင်တွယ်ဖို့အတွက် နည်းပြ(၃)ဦးကို စဉ်းစားနေတယ်လို့ စပိန်မီဒီယာတွေက ဖော်ပြထားပါတယ်။
ရီးရဲလ်မက်ဒရစ်အသင်းဟာ အာဆင်နယ်အသင်းကို နှစ်ကျော့ပေါင်းရလဒ်(၁-၅)ဂိုးနဲ့အရေးနိမ့်ကာ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်က ထွက်ခွာခဲ့ရပြီးနောက် နည်းပြအန်ဆယ်လော့တီရဲ့အနာဂတ်ဟာ မရေမရာဖြစ်လာခဲ့ပါတယ်။ အန်ဆယ်လော့တီဟာ လက်ရှိအချိန်မှာ ဘရာဇီးလ်လက်ရွေးစင်အသင်းနည်းပြရာထူးအတွက်လည်း ကြီးမားတဲ့ချိတ်ဆက်မှုတွေကို ခံနေရတာပါ။ အန်ဆယ်လော့တီဟာ ဘာစီလိုနာအသင်းနဲ့စပိန်ဘုရင့်ဖလားဗိုလ်လုပွဲအပြီးမှာ ရီးရဲလ်မက်ဒရစ်အသင်းနည်းပြရာထူးက ထွက်ခွာနိုင်တယ်လို့ သတင်းတွေထွက်ပေါ်နေတာဖြစ်ပါတယ်။
ဒီအချိန်မှာ ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်ဟာ အန်ဆယ်လော့တီကို ဘရာဇီးလ်အသင်းနည်းပြသစ်အဖြစ်ခန့်အပ်ဖို့အတွက် ဆွေးနွေးမှုတွေပြုလုပ်ဖို့ စိတ်အားထက်သန်နေတာပါ။ အဲ့ဒါကြောင့် ရီးရဲလ်မက်ဒရစ်အသင်းဟာ ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကိုကိုင်တွယ်ဖို့အတွက် နည်းပြရွေးချယ်ခွင့်တွေကို ရှာဖွေမှုတွေပြုလုပ်နေတာဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ်အသင်းဟာ လေဗာကူဆင်အသင်းကို ကိုင်တွယ်နေတဲ့ ကွင်းလယ်လူဟောင်း ဇာဘီအလွန်ဆိုကို အမြဲတမ်းနည်းပြအဖြစ်ခန့်အပ်နိုင်ဖို့ ဦးစားပေးအဖြစ်သတ်မှတ်ထားတာပါ။
ဒါပေမယ့် ဇွန်မှာစတင်မယ့် ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ရီးရဲလ်မက်ဒရစ်အသင်းကို ဇာဘီအလွန်ဆိုကိုင်တွယ်ဖို့က မသေချာဘူးလို့ သိရပါတယ်။ ဒါကြောင့် ရီးရဲလ်မက်ဒရစ်အသင်းဟာ ကလပ်ရဲ့ဂန္ထဝင်တွေဖြစ်တဲ့ ရာအူးလ် ဒါမှမဟုတ် ဆိုလာရီတို့ကို ယာယီနည်းပြအဖြစ်ကိုင်တွယ်စေဖို့ စဉ်းစားနေတာပါ။ ရီးရဲလ်မက်ဒရစ်အသင်းဟာ ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အယ်လ်ဟီလယ်၊ပါချူကာ၊ဆဲလ်ဘတ်အသင်းတို့နဲ့ တစ်အုပ်စုတည်းကျရောက်နေတာဖြစ်ပါတယ်။