အလာဗက်စ်နဲ့ပွဲမှာ အနီကတ်ပြခံခဲ့ရတဲ့ ဘာပေကို စပိန်ဘောလုံးအဖွဲ့ချုပ်(၁)ပွဲပယ်ပြစ်ဒဏ်ချမှတ်
ရီးရဲလ်မက်ဒရစ်အသင်းက အလာဗက်စ်အသင်းကို (၁-ဝ)ဂိုးနဲ့အနိုင်ရခဲ့တဲ့ လာလီဂါပွဲစဉ်မှာ ကြမ်းတမ်းတဲ့ဖျက်ထုတ်မှုကြောင့် တိုက်ရိုက်အနီကတ်ပြခံခဲ့ရတဲ့ ပြင်သစ်တိုက်စစ်မှူး ဘာပေကို စပိန်ဘောလုံးအဖွဲ့ချုပ်(RFEF)က (၁)ပွဲပယ်ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။
ဘာပေဟာ ဒီဖျက်ထုတ်မှုကြောင့် ကနဦးအဝါကတ်ပြသခံခဲ့ရပေမယ့် VAR က ပြန်လည်သုံးသပ်အပြီးမှာ တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။
ဘာပေဟာ တိုက်ရိုက်အနီကတ်ကြောင့် (၃)ပွဲပယ်ခံရမှာကို ရီးရဲလ်မက်ဒရစ်အသင်းက စိုးရိမ်မှုတွေရှိခဲ့ပေမယ့် စပိန်ဘောလုံးအဖွဲ့ချုပ်စည်းကမ်းထိန်းသိမ်းရေးကော်မတီက (၁)ပွဲပယ်ပြစ်ဒဏ်သာ ချမှတ်ခဲ့တာပါ။ ဘာပေဟာ ဒီဖြစ်ရပ်အပြီးမှာ အလာဗက်စ်အသင်းက ဘလန်ကိုနဲ့ ရီးရဲလ်မက်ဒရစ်အသင်းဖော်တွေကို တောင်းပန်ခဲ့ပါတယ်။
ဒီပွဲစဉ်မှာ အနီကတ်ပြထုတ်ပယ်ခံခဲ့ရတဲ့ အလာဗက်စ်အသင်းက ဆန်းချက်ဇ်ကိုလည်း REFE က (၁)ပွဲပယ်ခဲ့ပါတယ်။ ဆန်းချက်ဇ်ကို ဘာပေ ကျူးလွန်ခဲ့သလို ပုံစံတူဖျက်ထုတ်မှုနဲ့ ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူးဗင်နီစီယပ်စ်ကို ပြစ်ဒဏ်ကျူးလွန်ခဲ့တာပါ။
ဘာပေဟာ (၁)ပွဲပယ်ပြစ်ဒဏ်ကြောင့် လာမယ့် ဘီလ်ဘာအိုအသင်းနဲ့ လာလီဂါပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်အသင်းအတွက် ပါဝင်နိုင်မှာမဟုတ်ပေမယ့် ဘာစီလိုနာအသင်းနဲ့ စပိန်ဘုရင့်ဖလားဗိုလ်လုပွဲမှာ ပြန်ပါဝင်လို့ရမှာဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ်အသင်းနည်းပြ အန်ဆယ်လော့တီဟာ အလာဗက်စ်အသင်းနဲ့ပွဲက အနီကတ်နဲ့ပတ်သက်ပြီး ဘာပေနဲ့ စကားပြောခဲ့တယ်လို့ စပိန်မီဒီယာတွေက ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့နွေရာသီက PSG အသင်းကနေ ပြောင်းရွှေ့ကြေးအလွတ်နဲ့ရောက်ရှိလာတဲ့ ဘာပေဟာ ရီးရဲလ်မက်ဒရစ်အသင်းအတွက်ကစားတဲ့ ပွဲဦးထွက်ရာသီမှာ ပြိုင်ပွဲစုံ(၃၃)ဂိုးအထိသွင်းယူထားပါတယ်။