အချိန်ပိုသွင်းဂိုးတွေနဲ့ အနိုင်ရတဲ့ မန်ယူနိုက်တက် ၊ ဂျာမန်မြေမှာ ဖရန့်ဖတ်ကို ကျော်ဖြတ်ခဲတဲ့စပါး
ယူရိုပါလိဂ်ကွာတားဖိုင်နယ်
(ဒုတိယအကျော့)
လာဇီယို(၃-၁)Bodo/Glimt (Pen 2-3)
ဖရန့်ဖတ်(၀-၁)စပါး
ဘီလ်ဘာအို(၂-၀)ရိန်းဂျားစ်
မန်ယူနိုက်တက်(၅-၄)လိုင်ယွန်(AET)
ယူရိုပါလိဂ်ကွာတားဖိုင်နယ်(ဒုတိယအကျော့)ပွဲစဉ်တွေမှာ ပရိသတ်တွေ စိတ်အဝင်စားဆုံးဖြစ်တဲ့ မန်ယူနိုက်တက်အသင်းနဲ့ လိုင်ယွန်ပွဲက စိတ်လှုပ်ရှားစရာအကောင်းဆုံးပွဲဖြစ်ခဲ့ပြီး အချိန်ပိုမှာ သွင်းဂိုး(၅)ဂိုးအထိ တွေ့ခဲ့ရတဲ့ပွဲဖြစ်ခဲ့ပါတယ်။
ပထမပိုင်းမှာ အူဂါတေး(၁၀ မိနစ်)နဲ့ ဒါလော့(၄၅+၁)တို့ သွင်းယူခဲ့တဲ့ဂိုးတွေနဲ့ မန်ယူနိုက်တက်က ဦးဆောင်ခဲ့ပေမယ့် လိုင်ယွန်အသင်းအတွက် တိုလစ်ဆို(၇၁ မိနစ်)နဲ့ တာဂလီဖီကို(၇၇ မိနစ်)တို့ ချေပဂိုးသွင်းခဲ့တာကြောင့် အချိန်ပိုဆက်ကစားခဲ့ရပါတယ်။
အချိန်ပိုမှာ လိုင်ယွန်အသင်းအတွက် ချာကီ(၁၀၄ မိနစ်)နဲ့ လာကာဇက်က ပယ်နယ်တီ(၁၀၉မိနစ်)ကနေ ဦးဆောင်ဂိုးတွေပြန်သွင်းခဲ့တာကြောင့် မန်ယူနိုက်တက်အသင်း အချိန်ပို ဒုတိယပိုင်းမှာ (၂-၄)ဂိုးနဲ့ ရှုံးနိမ့်နေရပါတယ်။

အံအားသင့်ဖွယ်ကောင်းလောက်အောင်ပဲ အချိန်ပိုဒုတိယပိုင်း(၇)မိနစ်အတွင်းမန်ယူနိုက်တက်က ပယ်နယ်တီတစ်ဂိုးအပါအဝင် ချေပဂိုးနဲ့ အနိုင်ဂိုးတွေကို သွင်းယူနိုင်ခဲ့ပါတယ်။ ဖာနန်ဒက်စ်က ပွဲချိန်(၁၁၄)မိနစ်မှာ ပယ်နယ်တီကနေ ချေပဂိုး၊ မေနူးက (၁၂၀)မိနစ်မှာ ထောင့်ဖြတ်ကန်ချက်နဲ့ချေပဂိုးတွေ သွင်းယူခဲ့ပြီး (၁၂၀+၁)မိနစ်မှာတော့ နောက်ခံလူမက်ဂွိုင်းယားက ခေါင်းတိုက်အနိုင်ဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။
ဒါကြောင့် မန်ယူနိုက်တက်က နှစ်ကျော့ပေါင်း(၇-၆)ဂိုးနဲ့ ဆီမီးတက်နိုင်ခဲ့ပါတယ်။
ဖရန့်ဖတ်နဲ့ ပထမအကျော့အိမ်ကွင်းမှာ(၁-၁)ဂိုးနဲ့သရေကျထားတဲ့စပါးအသင်းက အဝေးကွင်းမှာ (၁-၀)ဂိုးနဲ့ အနိုင်ယူပြီး နှစ်ကျော့ပေါင်း (၂-၁)ဂိုးနဲ့ ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ပါတယ်။ ဒီပွဲမှာ ဖရန့်ဖတ်က အခွင့်အရေးတွေပိုရခဲ့ပေမယ့် ရိုမဲရိုးဦးဆောင်တဲ့ စပါးနောက်တန်းက ဖရန့်ဖတ်တိုက်စစ်ကို အကောင်းဆုံးကာကွယ်တားဆီးနိုင်ခဲ့ပါတယ်။ အနိုင်ဂိုးကိုတော့ ပွဲချိန်(၄၃)မိနစ်မှာ ဆိုလန်ကီက ပယ်နယ်တီကနေ သွင်းယူခဲ့တာပါ။

ပထမအကျော့မှာ (၀-၂)ဂိုးနဲ့ ရှုံးထားတဲ့လာဇီယိုက နော်ဝေကလပ် Bodo/Glimt ကို (၃-၁)ဂိုးနဲ့ ပြန်အနိုင်ယူခဲ့တာကြောင့် နှစ်ကျော့ပေါင်း(၃-၃)ဂိုးဖြစ်ခဲ့ပြီး ပယ်နယ်တီအဆုံးအဖြတ်ခံခဲ့ရပါတယ်။ ပယ်နယ်တီမှာတော့ Bodo/Glimt က (၃-၂)ဂိုးနဲ့ အနိုင်ရခဲ့ပြီး ဆီမီးဖိုင်နယ်တက်ရောက်ခဲ့ပါတယ်။
ပထမအကျော့မှာဂိုးမရှိသရေကျထားတဲ့ ဘီလ်ဘာအိုနဲ့ ရိန်းဂျားစ်ပွဲမှာ ဘီလ်ဘာအိုက (၂-၀)ဂိုးနဲ့အနိုင်ယူခဲ့ပြီး ဆီမီးဖိုင်နယ်တက်ရောက်ခဲ့ပါတယ်။
ဆီမီးဖိုင်နယ်မှာ စပါး-Bodo/Glimt ၊ ဘီလ်ဘာအို-မန်ယူနိုက်တက်တို့ တွေ့ဆုံကြမှာဖြစ်ပြီး မေ(၁)ရက်နေ့မှာ ပထမအကျော့၊ မေ(၈)ရက်နေ့မှာ ဒုတိယအကျော့ပွဲကို ကစားသွားမှာပါ။