လူသားတွေကို အလုပ်မခန့်ပဲ AI ကိုအစားထိုးပါ ဆိုတဲ့ကြော်ငြာကြောင့် လူပြောများနေတဲ့ AI ကုမ္ပဏီ
AI ခေတ်မို့ AI ကောင်းကြောင်းတွေချည်းပဲရှိတာတော့ မဟုတ်ဘူးရယ်။ မနေ့ကပြောပြခဲ့တဲ့ AI ChatBot တစ်ခုပေါက်ကရတွေလုပ်လို့ တရားစွဲခံရတဲ့သတင်းလိုပဲ နောက်တစ်မျိုးထပ်ပေါ်လာပါတယ်။ ဒီတစ်ခေါက်ကကျ တရားစွဲခံရတဲ့အဆင့်တော့ မရောက်သေးဘူး။ ဝေဖန်ခံနေရတဲ့အဆင့်ပဲရှိသေးတယ်။
Artisan ဆိုတဲ့ AI ကုမ္ပဏီဟာ “ Stop Hiring Human” ဆိုတဲ့ စာသားပါဝင်တဲ့ သူတို့ရဲ့ကြော်ငြာဆိုင်းဘုတ်ကြောင့် ဝေဖန်ခံနေရတာပါ။ ကုမ္ပဏီရဲ့ပထမဆုံး AI Software ဖြစ်တဲ့ Ava AI ကို ကြေညာတာဖြစ်ပြီး ကြော်ငြာမှာဆိုရင် "Homing Hiring Humans" နှင့် "Hire Artisans, Not Humans" တို့လို စာသားတွေ ပါဝင်တာဖြစ်ပြီး လူသားတွေကို အလုပ်မခန့်ပဲ လူသားတွေအစား ဒီ AI Software ကို အသုံးပြုဖို့ ပြောထားတာပါ။
လောလောဆယ်တော့ ဒီကြော်ငြာနဲ့ပတ်သက်ပြီး အင်တာနက်မှာ တော်တော်လေးကိုပေါက်ကွဲနေကြပြီး ပွဲဆူနေတဲ့ အနေအထားပါ။ နဂိုတည်းကမှ လူသားတွေလုပ်တဲ့ လုပ်ငန်းနေရာအချို့မှာ AI တွေ အစားထိုးလာတာများလာတဲ့အပြင် အလုပ်ဖြုတ်တဲ့ကိစ္စတွေတောင် မနည်းမနောရှိလာတာမို့ AI နဲ့ပတ်သက်ပြီး လုပ်ငန်းခွင်အစားထိုးမှုကိစ္စတွေက ဆတ်ဆတ်ထိမခံဖြစ်နေတာကိုးး။ (ကျွန်တော်တို့ ဒီကအပြောအရဆို အဆဲခံရတာပေါ့ဗျာ.. ဆဲလည်း ဆဲသင့်ပါတယ်)