အစ်ကိုဖြစ်သူရဲ့ခြေရာကို နင်းပြီး ချန်ပီယံရှစ်ပြိုင်ပွဲရဲ့ အကောင်းဆုံးလူငယ်ကစားသမားဆုရခဲ့တဲ့ ဂျုပ်ဘ်ဘယ်လင်ဂမ်
ချန်ပီယံရှစ်၊ လိဂ်ဝမ်း၊ လိဂ်တူးအစရှိတဲ့ အင်္ဂလန်ဘောလုံးလိဂ်(EFL)ပြိုင်ပွဲအသီးသီးရဲ့အကောင်းဆုံးဆုတွေကို မနေ့က ချီးမြှင့်ခဲ့ရာမှာ ချန်ပီယံရှစ်ပြိုင်ပွဲရဲ့အကောင်းဆုံးကစားသမားအဖြစ် ရှက်ဖီးယူနိုက်တက်ကွင်းလယ်လူဂူစတာဗိုဟာမာက ရွေးချယ်ခံခဲ့ရပြီး အကောင်းဆုံးလူငယ်ကစားသမားဆုကိုတော့ ဆန်းဒါးလန်းအသင်းရဲ့ကွင်းလယ်တိုက်စစ်ကစားသမားဂျုပ်ဘ်ဘယ်လင်ဂမ်က ဆွတ်ခူးရရှိခဲ့ပါတယ်။
EFL ဆုပေးပွဲမှာ ပရီးမီးယားလိဂ်ရဲ့အောက်က လိဂ်အတန်း(၃)ခုရဲ့အကောင်းဆုံးဆုအသီးသီးကို ကြေညာခဲ့တာဖြစ်ပေမယ့် ဂျုပ်ဘ်ဘယ်လင်ဂမ် ဆွတ်ခူးရရှိခဲ့တဲ့ ချန်ပီယံရှစ်ပြိုင်ပွဲ အကောင်းဆုံးလူငယ်ကစားသမားဆုအကြောင်းကိုပဲ ဥရောပမီဒီယာတွေက အသားပေးဖော်ပြခဲ့ကြပါတယ်။
အသက်(၁၉)နှစ်အရွယ် ဂျုပ်ဘ်ဘယ်လင်ဂမ်အနေနဲ့ အစ်ကိုဖြစ်သူ ရီးရဲလ်မက်ဒရစ်ကွင်းလယ်လူ ဂျုဒ်ဘယ်လင်ဂမ်ရဲ့ခြေရာကို နင်းနိုင်ခဲ့တယ်လို့ ပြောရမှာဖြစ်ပါတယ်။ ဂျုဒ်ဘယ်လင်ဂမ်ဟာ အရင် ချန်ပီယံရှစ်ကလပ် ဘာမင်ဂမ်အသင်းမှာ ကစားခဲ့စဉ် ၂၀၁၉-၂၀ ဘောလုံးရာသီက ချန်ပီယံရှစ်ပြိုင်ပွဲရဲ့ အကောင်းဆုံးလူငယ်ကစားသမားဆုကို ဆွတ်ခူးခဲ့ဖူးပြီး အခု ညီဖြစ်သူ ဂျုပ်ဘ်ဘယ်လင်ဂမ်က နောက်(၅)နှစ်အကြာမှာ ဒီဆုကို ဆွတ်ခူးနိုင်ခဲ့တာပါ။
အရင်အစ်ကိုဖြစ်သူ ဂျုဒ်ဘယ်လင်ဂမ်ကစားခဲ့တဲ့ ဘာမင်ဂမ်အသင်းမှာ (၂)ရာသီကစားခဲ့ပြီး ၂၀၂၃ ခုနှစ်မှာ ဆန်းဒါးလန်းအသင်းကို ပြောင်းရွှေ့ကာ ဒုတိယရာသီကို ဖြတ်သန်းနေတဲ့ ဂျုပ်ဘ်ဘယ်လင်ဂမ်အနေနဲ့ လိဂ်ချန်ပီယံရှစ်ပြိုင်ပွဲရဲ့ အလားအလာအကောင်းဆုံးလူငယ်ကစားသမားတစ်ဦးအဖြစ် သူ့ရဲ့ကစားသမားဘ၀ကို တည်ဆောက်နေပြီး ဥရောပအသင်းကြီးတွေရဲ့ ပစ်မှတ်ကစားသမားဖြစ်နေသူလည်း ဖြစ်ပါတယ်။
အစ်ကိုဖြစ်သူ ဂျုဒ်ဘယ်လင်ဂမ်ကစားနေတဲ့ ရီးရဲလ်မက်ဒရစ်အသင်းတာဝန်ရှိသူတွေက ညီဖြစ်သူဂျုပ်ဘ်ဘယ်လင်ဂမ်ကို ခေါ်ယူပြီး အသင်းမှာ ညီအစ်ကိုနှစ်ဦးတွဲကစားစေဖို့ စဉ်းစားနေတယ်လို့ သတင်းတွေထွက်ဖူးသလို၊ အခု ချန်ပီယံရှစ်ပြိုင်ပွဲ အကောင်းဆုံးလူငယ်ကစားသမားဆုရအပြီးမှာ သူ့ကိုခေါ်ယူဖို့ အလှုပ်ရှားဆုံးဖြစ်လာတာက မန်ယူနိုက်တက်အသင်းဖြစ်နေတာကို တွေ့ရပါတယ်။
ဂျုပ်ဘ်ဘယ်လင်ဂမ်အနေနဲ့ အစ်ကိုဖြစ်သူခြေရာကို ဆက်နင်းပြီး ရီးရဲလ်မက်ဒရစ်အသင်းကိုရောက်လာမလား ... ဘယ်နာမည်ကြီးအသင်းရဲ့ကစားသမားဖြစ်လာမလဲဆိုတာက မကြာခင် အဖြေထွက်ပေါ်လာဖွယ်ရှိပါတယ်။