အာဆင်နယ် - ပဲလေ့စ်ပွဲမှာ အဓိက ကစားသမားတွေကို အနားမပေးဘူးလို့ နည်းပြအာတီတာ အတည်ပြု
ဒီနေ့ကစားမယ့် အာဆင်နယ်-ခရစ္စတယ်ပဲလေ့စ် ပရီးမီးယားလိဂ်ပွဲစဉ်မှာ အာဆင်နယ်အသင်းဟာ အဓိက ကစားသမားတွေကို အနားမပေးဘူးလို့ နည်းပြအာတီတာက ပွဲကြိုမီဒီယာတွေ့ဆုံမှုမှာ အတည်ပြုခဲ့ပါတယ်။ |
အာဆင်နယ်အသင်းဟာ လာမယ့်အပတ်မှာ PSG အသင်းနဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်(ပထမအကျော့)ပွဲစဉ်ကစားဖို့ ရှိနေတာကြောင့် ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ ပွဲစဉ်မှာ လူစာရင်းကို အပြောင်းအလဲပြုလုပ်လာနိုင်တယ်ဆိုပြီး သတင်းတွေမှာ ဖော်ပြထားတာပါ။
အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အမှတ်ပေးဇယားထိပ်ဆုံးနေရာရပ်တည်နေတဲ့ လီဗာပူးလ်အသင်းနဲ့ (၁၃)မှတ်အကွာ အဆင့်(၂)နေရာမှာ ရပ်တည်နေတာကြောင့် အမှတ်ပေးဖလားရယူဖို့ မျှော်လင့်ချက်ကို လက်လွှတ်ရဖို့ သေချာသွားပြီဖြစ်ပါတယ်။ ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ပွဲစဉ်မှာ အာဆင်နယ်အသင်းအရေးနိမ့်ခဲ့ရင် လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ်ဖလားကို ရရှိသွားမှာဖြစ်ပြီး ဒီပွဲမှာ အာဆင်နယ်အသင်းအနိုင်ရခဲ့ရင်လည်း လီဗာပူးလ်အသင်းဟာ လက်ကျန်ပွဲစဉ်တွေမှာ တစ်ပွဲအနိုင်ရတာနဲ့ ချန်ပီယံဆုကို ရရှိသွားမှာပါ။
အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်ဖလားကို ရရှိနိုင်ဖို့ မျှော်လင့်ချက်အလွန်နည်းပါးနေပေမယ့် နည်းပြအာတီတာက ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ပွဲစဉ်မှာ အဓိက ကစားသမားတွေကို အနားပေးသွားမှာမဟုတ်ဘူးလို့ ဆိုခဲ့ပါတယ်။ ဒါ့အပြင် အစ်ဝစ်ချ်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဒဏ်ရာစိုးရိမ်မှုရှိခဲ့တဲ့ တောင်ပံကစားသမား ဆာကာဟာ ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ပွဲစဉ်မှာ ပါဝင်ကစားဖို့ အခွင့်အရေးကောင်းရှိတယ်လို့လည်း အာတီတာက ဆိုခဲ့ပါတယ်။
နယ်သာလန်နောက်ခံလူ ဗန်ဒိုက်က လီဗာပူးလ်အသင်းသားတွေဟာ အောင်ပွဲခံမှုပြုလုပ်ဖို့အတွက် အာဆင်နယ်အသင်းပွဲစဉ်ကို အတူစုဝေးပြီးကြည့်ရှုကြမယ်လို့ ဆိုထားပါတယ်။ အာဆင်နယ်အသင်းနည်းပြအာတီတာက သူတို့ဟာ ပွဲကိုအနိုင်ရဖို့နဲ့ လက်ရှိသွားနေတဲ့ပုံစံအတိုင်း ဆက်သွားနိုင်ဖို့ ကြိုးစားသွားမယ်လို့ တုံ့ပြန်ခဲ့ပါတယ်။