အွန်နရီနဲ့ ဟာလန်းတို့ကို ဖြတ်ကျော်ပြီး ပရီးမီးယားလိဂ် ဂိုးပါဝင်ပတ်သက်မှုစံချိန်တင်ခဲ့တဲ့ဆာလာ
ဒီတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ် လီဗာပူးလ်(၂-၁)ဝက်စ်ဟမ်းပွဲမှာ ကိုလံဘီယာတိုက်စစ်ကစားသမားဒီယက်ဇ် ဂိုးသွင်းနိုင်အောင် ဖန်တီးပေးခဲ့တဲ့ အီဂျစ်တိုက်စစ်မှူးဆာလာဟာ ဒီရာသီပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဂိုးပါဝင်ပတ်သက်မှု (၄၅)ဂိုးအထိ ရှိလာခဲ့ပါတယ်။
ဆာလာဟာ ဒီရာသီ ပရီးမီးယားလိဂ်ပွဲစဉ်(၃၂)ပွဲစလုံးမှာ ပါဝင်ကစားခဲ့ပြီး (၂၇) ဂိုးသွင်းယူနိုင်ခဲ့သလို အသင်းဖော်တွေ ဂိုးသွင်းနိုင်အောင် (၁၈) ဂိုးဖန်တီးပေးနိုင်ခဲ့တာပါ။

(၃၈)ပွဲကစားတဲ့ပရီးမီးယားလိဂ်ပြိုင်ပွဲသက်တမ်းတစ်လျှောက် ၂၀၀၂-၀၃ ရာသီမှာ ဂိုးပါဝင်ပတ်သက်မှု (၄၄)ကြိမ်အထိရယူနိုင်ခဲ့တဲ့ အာဆင်နယ်တိုက်စစ်မှူးဟောင်းအွန်နရီ၊ ၂၀၂၂-၂၃ ရာသီမှာ ဂိုးပါဝင်ပတ်သက်မှု (၄၄)ဂိုးအထိရယူနိုင်ခဲ့တဲ့ မန်စီးတီးတိုက်စစ်မှူးဟာလန်းတို့နဲ့အတူ ဆာလာက ဒီပွဲမတိုင်ခင် ဂိုးပါဝင်ပတ်သက်မှု(၄၄)ဂိုးနဲ့ ပူးတွဲစံချိန်တင်ထားတာဖြစ်ပါတယ်။
ဒီပွဲအပြီးမှာ ဆာလာက ဂိုးပါဝင်ပတ်သက်မှု (၄၅)ဂိုးအထိရယူနိုင်ခဲ့ပြီး အွန်နရီနဲ့ ဟာလန်းတို့ကို ကျော်ဖြတ်ကာ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ စံချိန်သစ်တစ်ခုတင်နိုင်ခဲ့တာပါ။

ပွဲစဉ်(၄၂)ပွဲကစားတဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲတွေကို ထည့်တွက်မယ်ဆိုရင်တော့ ၁၉၉၃-၉၄ ရာသီမှာ ဂိုးပါဝင်ပတ်သက်မှု(၄၇)ဂိုးအထိ ပြုလုပ်နိုင်ခဲ့တဲ့ နယူးကာဆယ်တိုက်စစ်မှူးဟောင်း အန်ဒီကိုးလ်၊ ၁၉၉၄-၉၅ ရာသီမှာ ဂိုးပါဝင်ပတ်သက်မှု(၄၇)ဂိုးအထိ ပြုလုပ်နိုင်ခဲ့တဲ့ ဘလက်ဘန်းတိုက်စစ်မှူးဟောင်း အလန်ရှီးယားတို့က အများဆုံးအဖြစ် ဦးဆောင်နေတာပါ။
ဆာလာအနေနဲ့ လက်ကျန်(၆)ပွဲမှာ ဂိုးပါဝင်ပတ်သက်မှု(၂)ဂိုးရရှိခဲ့မယ်ဆိုရင် ဒီကစားသမားတွေရဲ့စံချိန်ကိုလည်း လိုက်မီနိုင်မှာဖြစ်ပါတယ်။
ဆာလာဟာ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ သွင်းဂိုး(၂၇)ဂိုးနဲ့ ဂိုးသွင်းအများဆုံးစာရင်းမှာ ထိပ်ဆုံးကဦးဆောင်နေပြီး အနီးဆုံးပြိုင်ဘက်ဖြစ်တဲ့ မန်စီးတီးတိုက်စစ်မှူးဟာလန်းကို (၆)ဂိုးအထိ အသာရနေပါတယ်။ ပရီးမီးယားလိဂ်ပြိုင်ပွဲက လက်ကျန်ပွဲ(၆)ပွဲသာကျန်တော့တာကြောင့် ဆာလာအနေနဲ့ ဂိုးသွင်းအများဆုံးရွှေဖိနပ်ဆုကို (၄)ကြိမ်မြောက်အဖြစ် ရယူနိုင်ဖို့ အခြေအနေကောင်းနေပါတယ်။