(၆)ရာသီအတွင်း အင်္ဂလန်ကလပ်အသင်း(၃)သင်းကို ချန်ပီယံရှစ်ကနေ ပရီးမီးယားလိဂ်ကို ပို့ဆောင်ပေးနိုင်သူ ပါကား
ဘန်လေအသင်းကို ဒီရာသီချန်ပီယံရှစ်ပြိုင်ပွဲကနေ ပရီးမီးယားလိဂ်ကို တိုက်ရိုက်တန်းတက်အောင် လမ်းညွှန်ပေးနိုင်ခဲ့တဲ့ အင်္ဂလိပ်လူမျိုးနည်းပြစကော့ပါကားဟာ (၆)ရာသီအတွင်း ချန်ပီယံရှစ်အသင်း(၃)သင်းကို တန်းတက်အောင် စွမ်းဆောင်ပေးနိုင်တဲ့ နည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
ဒီရာသီ ချန်ပီယံရှစ်ပြိုင်ပွဲဟာ ပွဲစဉ်(၄၅)နဲ့ ပွဲစဉ်(၄၆) လက်ကျန်(၂)ပွဲကစားဖို့ ကျန်နေသေးပေမယ့် ဒုတိယနေရာက ဘန်လေအသင်းဟာ တတိယနေရာက ရှက်ဖီးယူနိုက်တက်အသင်းကို ရမှတ်(၈)မှတ်အထိ ဖြတ်ထားနိုင်တာကြောင့် ဇယားထိပ်က လိဒ်ယူနိုက်တက်အသင်းနဲ့အတူတူ ရမှတ်တူ(၉၄ မှတ်စီနဲ့)တန်းတက်ခွင့်ရခဲ့တာပါ။
ပါကားဟာ ၂၀၁၉-၂၀ ရာသီက ဖူလ်ဟမ်အသင်းကို ကိုင်တွယ်ခဲ့ပြီး ချန်ပီယံရှစ်ပြိုင်ပွဲမှာ အဆင့်(၄)နေရာရရှိအောင် လမ်းညွှန်ပေးနိုင်ခဲ့ပါတယ်။ ဒါကြောင့် သူ့အသင်းက တိုက်ရိုက်တန်းတက်ခွင့်မရပေမယ့် Play-Offs ကစားခဲ့ရပြီး Play-offs မှာ ကာဒစ်ဖ်စီးတီး၊ ဘရန့်ဖို့ဒ်အသင်းတို့ကို ကျော်ဖြတ်ကာ ပရီးမီးယားလိဂ်ကို တန်းတက်ခွင့်ရခဲ့ပါတယ်။
၂၀၂၁-၂၂ ရာသီမှာ ပါကားဟာ ဘုန်းမောက်အသင်းကို ကိုင်တွယ်ခဲ့ပြီး သူရဲ့ ဘုန်းမောက်အသင်းကို ချန်ပီယံရှစ်ပြိုင်ပွဲမှာ အဆင့်(၂)နေရာရရှိစေပြီး တိုက်ရိုက်တန်းတက်အောင် ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။
ပါကားဟာ သူ့ရဲ့ကစားသမားဘ၀မှာ အထက်ပါ အင်္ဂလန်ကလပ်(၃)သင်းနဲ့ ဘယ်လ်ဂျီယံကလပ် ဘရုဂျက်အသင်းတို့ကိုသာ ကိုင်တွယ်ခဲ့ဖူးပြီး သူကိုင်တွယ်ခဲ့တဲ့ အင်္ဂလန်ကလပ်အသင်း(၃)သင်းစလုံးကို ပရီးမီးယားလိဂ်တန်းတက်ခွင့်လက်မှတ်ရယူပေးနိုင်တာလည်း ဖြစ်ပါတယ်။
နည်းပြဘ၀မှာ တန်းတက်မှတ်တမ်းတွေရယူပေးနိုင်ပေမယ့် (တန်းတက် Play-offs ချန်ပီယံဆုကလွဲလို့) ချန်ပီယံဆုဖလားတွေ မကိုင်မြှောက်နိုင်သေးတဲ့ ပါကားအနေနဲ့ ဒီရာသီမှာ လိဒ်စ်ယူနိုက်တက်ကို ကျော်ဖြတ်ပြီး ချန်ပီယံရှစ်ချန်ပီယံဆုရယူ နိုင်မလားဆိုတာ ကြည့်ရမှာပါ ...