၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို အသင်းပေါင်း(၆၄)သင်းနဲ့ကျင်းပဖို့ အဆိုပြုမှုကို Concacaf ဆန့်ကျင်
မြောက်အမေရိက၊ဗဟိုအမေရိကနဲ့ ကာရေဘီယံဘောလုံးအဖွဲ့ချုပ်(Concacaf )ဥက္ကဋ္ဌ ဗစ်တာက ၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို အသင်း(၆၄)သင်းနဲ့ကျင်းပဖို့ တောင်အမေရိကဘောလုံးအဖွဲ့ချုပ်(Conmebol)ရဲ့အဆိုပြုမှုကို ဝေဖန်ပြီးဆန့်ကျင်ခဲ့ပါတယ်။
Conmebol ရဲ့ဒီအစီအစဉ်ကို ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)ဥက္ကဋ္ဌ ဆယ်ဖာရင်နဲ့ အာရှဘောလုံးအဖွဲ့ချုပ်(AFC)တို့ကလည်း ဆန့်ကျင်မှုတွေရှိနေကြတာပါ။
၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့အဖွင့်ပွဲစဉ်တွေကို အာဂျင်တီးနား၊ပါရာဂွေးနဲ့ ဥရုဂွေးနိုင်ငံတို့က အိမ်ရှင်အဖြစ်ကျင်းပသွားပြီးနောက် စပိန်၊ မော်ရိုကိုနဲ့ ပေါ်တူဂီနိုင်ငံတို့က ပူးတွဲအိမ်ရှင်အဖြစ်ကျင်းပသွားမှာ ဖြစ်ပါတယ်။ အမေရိကန်၊ မက္ကဆီကိုနဲ့ ကနေဒါနိုင်ငံတို့က ပူးတွဲအိမ်ရှင်အဖြစ်ကျင်းပမယ့် လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို အသင်းအရေအတွက် (၃၂)သင်းကနေ (၄၈)သင်းအထိ တိုးပြီးကျင်းပသွားမှာပါ။
ဒါပေမယ့် Conmebol က ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့နှစ်(၁၀၀)ပြည့်နဲ့ တိုက်ဆိုင်နေတဲ့ ၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ့်အသင်းအရေအတွက်ကို ထပ်ပြီးတိုးဖို့ဆန္ဒရှိနေတာဖြစ်ပါတယ်။ Concacaf ဥက္ကဋ္ဌ ဗစ်တာကတော့ ကမ္ဘာ့ဖလားပြိုင်ပွဲကို (၆၄)သင်းတိုးပြီးကျင်းပတာဟာ ပြိုင်ပွဲအတွက်မှန်ကန်တဲ့အရာလို့ မယုံကြည်ကြောင်းနဲ့ (၄၈)သင်းနဲ့ကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲတောင်မစတင်ရသေးတဲ့အတွက် ဒါကမဖြစ်သင့်ဘူးလို့ ESPN နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဆိုခဲ့တာပါ။
Conmebol ရဲ့အဆိုပြုမှုနဲ့ပတ်သက်ပြီး မေလ(၁၅)ရက် ပါရာဂွေးနိုင်ငံမှာပြုလုပ်မယ့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(Fifa)ရဲ့(၇၅)ကြိမ်မြောက် ကွန်ဂရက်မှာ ဆွေးနွေးမှုတွေပြုလုပ်သွားနိုင်တယ်လို့ သိရပါတယ်။