၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားကိုဦးဆောင်ဖို့ မက်ဆီစိတ်ပိုင်းဖြတ်ထားတယ်လို့ ဆွာရက်ဇ်ဖွင့်ဟ

အင်တာမိုင်ယာမီအသင်းတိုက်စစ်မှူး ဆွာရက်ဇ်က အသင်းဖော် မက်ဆီဟာ လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားလက်ရွေးစင်အသင်းကို ဦးဆောင်ဖို့စိတ်ပိုင်းဖြတ်ထားတယ်လို့ Ovacion နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟခဲ့ပါတယ်။
မက်ဆီဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ ပတ်သက်ပြီး သူ့ရဲ့ဆုံးဖြတ်ချက်ကို အခုအချိန်ထိ ပြောဆိုခြင်းမရှိသေးသလို အာဂျင်တီးနားအသင်းနည်းပြစကာလိုနီက မက်ဆီရဲ့ဆုံးဖြတ်ချက်အပေါ် စိတ်ရှည်သည်းခံပေးဖို့တောင်းဆိုထားတာပါ။

အာဂျင်တီးနားအသင်းကို ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံဆုရရှိအောင် ဦးဆောင်နိုင်ခဲ့တဲ့ မက်ဆီဟာ ဒီပြိုင်ပွဲက သူ့ရဲ့နောက်ဆုံးကမ္ဘာ့ဖလားပြိုင်ပွဲဖြစ်တယ်လို့ ပြောထားဖူးပါတယ်။
ဒါပေမယ့် အာဂျင်တီးနားအသင်းဖော်တွေက သူတို့ရဲ့အသင်းခေါင်းဆောင် မက်ဆီကို ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ကစားဖို့ ဆန္ဒရှိကြောင်းကို မကြာခဏထုတ်ဖော်ပြောဆိုခဲ့တာပါ။ မက်ဆီကလည်း ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ကစားနိုင်တဲ့ အရိပ်အမြွက်ကိုပြောထားပေမယ့် ယတိပြတ်တော့ ဆုံးဖြတ်ရခြင်းမရှိသေးပါဘူး။

အခုအချိန်မှာ ဆွာရက်ဇ်က မက်ဆီဟာ အာဂျင်တီးနားအသင်းနဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ကစားဖို့ဆန္ဒရှိတဲ့အကြောင်း ဆိုလာခဲ့ပါတယ်။ ဒါ့အပြင် ဆွာရက်ဇ်က မက်ဆီအနားယူမယ်ဆိုပြီး ထွက်ပေါ်နေတဲ့ သတင်းတွေကိုလည်း ပယ်ချခဲ့တာပါ။
၂၀၂၅ ခုနှစ်မေဂျာလိဂ်ပြိုင်ပွဲအပြီးမှာ အင်တာမိုင်ယာမီအသင်းနဲ့ စာချုပ်ကုန်ဆုံးမယ့် မက်ဆီဟာ အသင်းနဲ့ တစ်နှစ်သက်တမ်းတိုးစာချုပ်ချုပ်ဆိုဖို့ နီးစပ်နေပြီလို့ သတင်းတွေမှာ ဖော်ပြထားတာပါ။
မက်ဆီဟာ ဒီရာသီမှာ ဒဏ်ရာတွေနဲ့ ရုန်းကန်နေရပေမယ့် အင်တာမိုင်ယာမီအသင်းအတွက် (၁၀)ပွဲပါဝင်ကစားထားပြီး (၈)ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု(၃)ကြိမ်ပြုလုပ်ထားပါတယ်။