၂၀၂၄-၂၅ ရာသီအတွင်း အေးဂျင့်ကြေး ပေါင်သန်း(၄၀၀)ကျော် ပေးချေခဲ့ရတဲ့ ပရီးမီးယားလိဂ်
အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)က ဒီရာသီ ပရီးမီးယားလိဂ်အသင်းတွေ ပေးချေခဲ့ရတဲ့ အေးဂျင့်ကြေးတွေကို တစ်သင်းချင်းအလိုက် ထုတ်ပြန်ခဲ့ရာမှာ ချယ်လ်ဆီးအသင်းက ထိပ်ဆုံးမှာ ရပ်တည်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ဖေဖော်ဝါရီလ(၂)ရက်နေ့ကနေ ဒီနှစ် ၂၀၂၅ ဖေဖော်ဝါရီလ(၂)ရက်နေ့အထိ တစ်နှစ်အတွင်း ပရီးမီးယားလိဂ်အသင်းတွေ ပေးချေခဲ့ရတဲ့ အေးဂျင့်ကြေးတွေကို FA က ထုတ်ပြန်ခဲ့တာဖြစ်ပြီး ပရီးမီးယားလိဂ်အသင်း(၂၀)လုံးပေးခဲ့ရတဲ့ ငွေကြေးစုစုပေါင်းက ပေါင်သန်း(၄၀၀)ကျော် (ပေါင် ၄၀၉.၁ သန်း)ရှိကြောင်း သိရပါတယ်။

ပရီးမီးယားလိဂ်အသင်းတွေရဲ့ ပြီးခဲ့တဲ့ ၂၀၂၄ နွေရာသီအပြောင်းအရွှေ့ကာလအတွင်း ကစားသမားသစ်ခေါ်ယူမှုနဲ့ ၂၀၂၅ ဆောင်းရာသီအပြောင်းအရွှေ့ကာလအတွင်း ကစားသမားသစ်ခေါ်ယူမှုတွေမှာ ကြားခံဆောင်ရွက်ပေးခဲ့သူ အေးဂျင့်တွေကို ပေါင် သန်းရာချီပြီး ပေးခဲ့ရတာဖြစ်ပါတယ်။
ပရီးမီးယားလိဂ်အသင်းတွေအနေနဲ့ အေးဂျင့်တွေကို ပေးချေနေရတဲ့ငွေကြေးပမာဏများပြားလွန်းတယ်လို့ ဝေဖန်မှုတွေရှိနေသည့်တိုင် ကလပ်အသင်းတွေဘက်က ဒါကို လျှော့ချနိုင်ခြင်းမရှိသေးဘဲ အရင်နှစ်ကနဲ့ များစွာမကွာခြားတဲ့ငွေကြေးပမာဏကိုသာ ပေးချေခဲ့ရပါတယ်။
ဒီနှစ်ပေးချေရတဲ့ ငွေကြေးပမာဏဟာ ပြီးခဲ့တဲ့ ၂၀၂၃-၂၄ ရာသီက ပေးခဲ့ရတဲ့ငွေကြေးထက် ပေါင်(၀.၄)သန်းသာ လျော့နည်းခဲ့ကြောင်း FA ရဲ့ထုတ်ပြန်မှုအရ သိရပါတယ်။
လက်ရှိမှာ ပရီးမီးယားလိဂ်ရဲ့ ဘဏ္ဍာရေးစည်းမျဉ်း(PSR)နဲ့ ဥရောပဘောလုံးအဖွဲ့ချုပ်ရဲ့ဘဏ္ဍာရေးစည်းမျဉ်း(FFF)တို့နဲ့ ကိုက်ညီဖို့ အသည်းအသန်ကြိုးစားနေရတဲ့ ချယ်လ်ဆီးအသင်းဟာ အေးဂျင့်ကြေး ပေါင်သန်း(၆၀.၃)သန်းနဲ့ ထိပ်ဆုံးမှာ ဦးဆောင်ခဲ့တာပါ။

ချယ်လ်ဆီးအသင်းနောက်မှာ မန်စီးတီးအသင်းက ပေါင်(၅၂.၁)သန်းနဲ့ ရပ်တည်နေပြီး နောက်မှာ မန်ယူနိုက်တက်အသင်းက ပေါင်(၃၃)သန်း၊ ဗီလာအသင်းက ပေါင်(၂၅.၁)သန်း၊ နယူးကာဆယ်အသင်းက ပေါင်(၂၄.၄)သန်း၊ အာဆင်နယ်က ပေါင်(၂၂.၈)သန်း၊ လီဗာပူးလ်က ပေါင်(၂၀.၈)သန်းနဲ့ အသီးသီးရှိနေပါတယ်။
အေးဂျင့်ကြေးအနည်းဆုံးပေးချေရတဲ့ကလပ်အသင်းက အစ်ဝစ်ချ်အသင်းဖြစ်ပြီး ပေါင်(၆.၃)သန်းခန့်သာ ကုန်ကျခဲ့ကြောင်း သိရပါတယ်။